အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်လုပ်ဆောင်မည်ဟု အမေရိကန် ကတိပြု

၅ နိုဝင်ဘာ

 

 

 

အီရန်နိုင်ငံ၏ ရန်လိုသော အပြုအမူကို ပြောင်းလဲသည့် အချိန်ထိ အမေရိကန်နိုင်ငံ အနေဖြင့် ဒဏ်ခတ် ပိတ်ဆို့မှုများ ဆက်လက် ချမှတ်သွားမည်ဟု အိမ်ဖြူတော်က ဆိုသည်။

 

 

 

လွန်ခဲ့သော အနှစ် ၄၀ က  အီရန်နိုင်ငံ တီဟီရန်မြို့တော်ရှိ အမေရိကန်သံရုံးကို အီရန်စစ်သွေးကြွများ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး အမေရိကန် အယောက် ၅၀ ကျော်ကို ဓားစာခံအဖြစ် ၄၄၄ ရက်ကြာ ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးမှ ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

အီရန်အစိုးရသည် နိုင်ငံခြားနှင့် ဆက်ဆံရေး အားနည်းမှုကြောင့် အပြစ်မဲ့ ပြည်သူများအား ဓားစာခံအဖြစ် အသုံးပြုရန်  ဆက်လက် ပစ်မှတ်ထားလျက်ရှိသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

 

 

 

နိုင်ငံခြားသားများနှင့် အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို အီရန်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခြင်းကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

 

 

 

အီရန်နိုင်ငံ အနေဖြင့် ဓားစာခံဖမ်းဆီးမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖျက်ဆီးမှု၊ ရေကြောင်းပြန်ပေးဆွဲမှုနှင့် ကမ္ဘာ့ရေနံဈေးကွက် တိုက်ခိုက်မှုတို့ကို နိဂုံးချုပ်လျက်  ငြိမ်းချမ်းရေးကို ရွေးချယ်နိုင်သည်ဟု  ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မြင့်မြင့်ချို