အီရန်အပေါ် ကုလသမဂ္ဂ၏ လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို  ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း   အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

တီဟီရန် ၁၉ အောက်တိုဘာ

 

 

အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂက အချိန်ကြာမြင့်စွာ ချမှတ်ထားခဲ့သည့် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုကို ဖယ်ရှား ပေးလိုက်ပြီဖြစ်ကြောင်း  သိရသည်။

 

 

အီရန်နှင့် အင်အားကြီး နိုင်ငံများအကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့်   နျူကလီးယား သဘောတူစာချုပ်အရ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှုသည် အောက်တိုဘာ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း  သိရသည်။

 

 

သို့ဖြစ်ရာ အောက်တိုဘာ ၁၈ ရက်မှစတင်ကာ အီရန် အပေါ်  ချမှတ်ထားသည့် လက်နက်ကုန်သွယ် ပို့ဆောင်မှုဆိုင်ရာ ကန့်သတ်ချက်မှန်သမျှ အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်းနှင့် ယခုအချိန်မှစတင်ကာ အီရန်သည် အခြားနိုင်ငံများနှင့် စစ်လက်နက်ရောင်းဝယ်မှုနှင့် တပ်ဆင်မှုများကို စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အီရန်သည် နှစ်ပေါင်းများစွာကြာအောင် ဒဏ်ခတ် ပိတ်ဆို့မှုများ ခံခဲ့ရပြီးနောက် သက်တမ်းကြာနေပြီဖြစ်သည့် ၎င်း၏   ကာကွယ်ရေးဆိုင်ရာ   စစ်လက်နက် ပစ္စည်းများကြောင့် အခက်အခဲဖြစ်လျက်ရှိရာ တရုတ်၊ ရုရှားနှင့် အခြားနိုင်ငံများမှ တိုက်လေယာဉ်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ရယူလိုဟန်ရှိကြောင်း သိရသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ 

 

 

ပြီးခဲ့သည့်လအတွင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့်  လက်နက်ကုန်သွယ်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့်  တစ်ဦးချင်း ပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့သည့်   အမိန့်ထုတ်ပြန်ချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

 

လက်နက်ကုန်သွယ်မှုကိစ္စနှင့် ပတ်သက်၍ အီရန်နှင့် အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်မှုများ  ဆက်လက်ဖြစ်ပွား ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

 

 

အင်န်အိတ်ခ်ျကေ