အီရန်၏ ခြိမ်းခြောက်မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သတိပေး

mdn

ဂျေရုဆလင် ၃၀ အောက်တိုဘာ

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အောက်တိုဘာ ၂၈ ရက်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင်အား လက်ခံတွေ့ဆုံခဲ့ပြီး ဒေသတွင်းအီရန် ၏ခြိမ်းခြောက်မှုအပေါ် သတိပေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံစဉ် နေတန်ယာဟုက အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံအား ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်လျက် အချို့ နိုင်ငံများ၌ ၎င်း၏ ဒုံးကျည်များကိုဖြန့်ကြက်ရန် စီစဉ်ထားသည်ဟု မနျူချင်အား ပြောကြားလိုက်သည်။
အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ ပစ်မှတ်များအား တိုက်ခိုက်နိုင်စွမ်းရှိသည့် ပဲ့ထိန်းဒုံးကျည်များကို တည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသလို ဒုံးကျည် လက်နက်များကို အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ဖြန့်ကြက်ထားရန် စီစဉ်ထားကြောင်း နေတန်ယာဟုက ဆက်လက်ပြောကြားသည်။

 

ထို့အပြင် အီရန်သည် ၎င်း၏မဟာမိတ်ဖြစ်သည့် ဟစ်ဇ် ဘိုလာအုပ်စုနှင့်အတူ လက်ဘနွန်နိုင်ငံ၌ ပဲ့ထိန်းဒုံးကျည် များထုတ်လုပ်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း နေတန်ယာဟုက စွပ်စွဲခဲ့သည်။ အီရန်နိုင်ငံ၏ ဒုံးကျည်များကို ယီမင်နိုင်ငံ၌ အဆင်သင့် ဖြန့်ကြက်ထားပြီးဖြစ်ရာ ယခုအခါ အီရန်နိုင်ငံသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒေသတွင်းလုံခြုံရေးနှင့် အခြားနိုင်ငံများ၏ လုံခြုံရေးအပေါ် အများဆုံးခြိမ်းခြောက်သည့် နိုင်ငံအဖြစ် မိမိတို့ရှုမြင်ခဲ့ ကြောင်း နေတန်ယာဟုက ထပ်မံပြောကြားသည်။

 

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံကို ၎င်း၏အဓိကရန်ဘက်အဖြစ် ရှုမြင်ထားသောကြောင့် ဆီးရီးယားနိုင်ငံအတွင်း သွားလာလှုပ်ရှားလျက်ရှိသည့် အီရန်တပ်ဖွဲ့နှင့် ဟစ်ဇ်ဘိုလာ အုပ်စုအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းရာနှင့်ချီ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရသည် ဆီးရီးယားနိုင်ငံအတွင်း အီရန်၏ အမြဲတမ်းစခန်းများ တည်ရှိလာမည်ကို မလိုလားသောကြောင့် ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းမှု အပေါ် စိုးရိမ်ပူပန်လျက်ရှိသည်။ ထို့ကြောင့် ဆီးရီးယားနိုင်ငံ၌ အီရန်၏အမြဲတမ်းတပ်ဖွဲ့ဖြန့်ကြက်မှုကို လက်သင့်ခံမည် မဟုတ်ဟု အစ္စရေးနိုင်ငံက ထပ်တလဲလဲ သတိပေးပြောဆို ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဂျေတီ