အီရန်၏ ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လွတ်လာသည့် ဗြိတိန်ရေနံတင်သင်္ဘော ဒူဘိုင်းသို့ ရောက်ရှိ

လန်ဒန် ၃၀ စက်တင်ဘာ

ဗြိတိန်အလံလွှင့်ထူထားသည့် ရေနံတင်သင်္ဘော စတီနာအင်ပီရိုသည် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ နှစ်လကျော်ကြာအောင် ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရပြီးနောက် စက်တင်ဘာ ၂၈ ရက်တွင် ဒူဘိုင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ရေနံတင်သင်္ဘောကို ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က ဟော်မုဇ်ရေလက်ကြားအတွင်း၌ ၎င်း၏တိုက်ခိုက်ရေးရေယာဉ်များနှင့် ဝိုင်းရံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကြောင့် ဒေသတွင်းတင်းမာမှုများအရှိန်မြင့်ခဲ့ သည်။ အဆိုပါသင်္ဘောသည် ငါးဖမ်းလှေတစ်စင်းနှင့် တိုက်မိခဲ့ပြီးနောက် သတိပေး အချက်ပြမှုများကို တုံ့ပြန်ရန်ပျက်ကွက်ခဲ့ပြီး ၎င်း၏ ရေဒီယိုအချက်ပြကိရိယာကို ပိတ်ထားခဲ့သည်ဟုဆိုကာ သင်္ဘောအား အီရန်ဆိပ်ကမ်းဘန်ဒါအက်ဘတ်စ်၌ တရားဝင် သိမ်းဆည်းခဲ့သည်။

သို့သော်လည်း အီရန်၏ သင်္ဘောဖမ်းဆီးမှုမှာ ဗြိတိန်နယ်နိမိတ်ဖြစ်သည့် ဂျီဘရော်လ်တာ၌ အီရန်ရေနံတင်သင်္ဘောကိုသိမ်းဆည်းခဲ့မှုအပေါ် လက်တုံ့ပြန်သည့် လုပ်ရပ်တစ်ခုအနေဖြင့် ရှုမြင်ခံခဲ့ရသည်။ယင်းကိစ္စများမှာတစ်ခုနှင့်တစ်ခုသက်ဆိုင် ခြင်းမရှိကြောင်း အီရန်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒိုမီနစ်ရက်ဘ်ကအီရန်၏ရေနံတင်သင်္ဘောသိမ်းဆည်း မှုသည် တရားမဝင်ကြောင်းနှင့် လွတ်လပ်စွာရေကြောင်းသွားလာမှုကို နှောင့်ယှက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း စက်တင်ဘာ ၂၇ ရက်တွင် စတီနာ အင်ပီရိုရေနံတင်သင်္ဘောသည် အီရန်မှထွက်ခွာကာ ပင်လယ်ကွေ့ဒေသ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။

အေအက်ဖ်ပီ