တီဟီရန် မေ ၁
အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ရပ်နားထားရသည့် နိုင်ငံရပ်ခြားခရီးစဉ်များကို အီရန်နိုင်ငံ Imam Khomeini အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယမန်နေ့က ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဆိပ်၏ ဂိတ်နှစ်ခု၌ ခရီးသည်များနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဘေးကင်းစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တော်၊ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ဂွမ်ဇူးနှင့် ရှင်ကျန်း၊ ထိုင်း နိုင်ငံ ဘန်ကောက်၊ အိုမန်နိုင်ငံ မတ်စကတ်၊ အီရတ် ကူဒစ္စတန်ဒေသ၏ အာဘီးလ်၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်၊ ရုရှားနိုင်ငံ မော်စကို၊ ကာတာနိုင်ငံ ဒိုဟာ၊ အီရတ်နိုင်ငံ ဘဂ္ဂဒတ်နှင့် နာဂျဖ်မြို့နှင့် အာမေးနီးယားနိုင်ငံ ယေရေဗန်မြို့တို့၏ လေဆိပ်များ ၌ ပျံသန်းမှုများ ပြန်လည်စတင်ရန် လိုအပ်သောစီမံမှုများကို ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း Imam Khomeini အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန် ရှိသူ ရာမင်ကာရှဖ်အာဇာက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှုအပြီးတွင် အီရန်က ၎င်း၏လေပိုင်နက်ကို ပိတ်ပစ်ခဲ့ပြီး နိုင်ငံတစ်ဝန်း အရပ်ဘက်လေကြောင်းပျံသန်းမှုများကို ရပ်ဆိုင်းခဲ့သည်။
နိုင်ငံ၏ အရှေ့ဘက်လေပိုင်နက်ကို နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် ဧပြီ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ ပြီးနောက် အခြားသောလေဆိပ်များတွင် ခရီးသည်တင်လေယာဉ်များ တဖြည်းဖြည်း ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
တပ်မတော်နှင့် အရပ်ဘက်အာဏာပိုင်များ၏ နည်းပညာပိုင်းနှင့် စစ်ဆင်ရေးဆိုင်ရာ ပြင်ဆင်မှုများပြီးသည်နှင့် ပျံသန်းမှု ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်အရပ်ဘက် လေကြောင်းအာဏာပိုင် အဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်


