အီရန်နိုင်ငံ၏ အရေးပါဆုံး ခေါင်းဆောင် ခါမေနီကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေး

တီဟီရန် ဇွန် ၂၆

အီရန်နိုင်ငံ၏ အရေးပါဆုံးခေါင်းဆောင်ဖြစ်သည့် အယာတိုလာအလီခါမေနီသည် ပြည်တွင်းလုပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးပြီဟု သိရသည်။ ဇွန် ၂၅ ရက်တွင် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သည်ဟု မီဒီယာများက ပြောသည်။

အဆိုပါကာကွယ်ဆေးမှာ ယခုလအတွင်းကမှ အရေးပေါ်သုံးစွဲခွင့်အတွက်အတည်ပြုပေးထားသည့် ဆေးဖြစ်သည်။ နိုင်ငံခြားဖြစ်ကာကွယ်ဆေးကို ထိုးနှံလိုခြင်းမရှိဟု ခါမေနီက ပြောကြားခဲ့သည်ဟု သိရသည်။

တိုင်းပြည်အတွင်းရှိ လူငယ်သိပ္ပံပညာရှင်များကို ကျေးဇူးတင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီလအတွင်းက အမေရိကန်လုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ တင်သွင်းခြင်းကို ခါမေနီက ပိတ်ပင်ခဲ့သည်။ အဆိုပါ ကာကွယ်ဆေးများမှာ မယုံကြည်ရဟု ၎င်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလမှစတင်ကာ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများကို အီရန်တွင် စတင်ထိုးနှံပေးခဲ့သည်။ အီရန်နိုင်ငံတွင် နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်မှုမှာ ၁၀၀၀၀ ကျော် ရှိသည်။ ဇွန် ၂၅ ရက်အထိ လူပေါင်း ၄ ဒသမ ၅ သန်း သို့မဟုတ် လူဦးရေစုစုပေါင်း ငါးရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးပြီးဖြစ်သည်။

အင်န်အိတ်ချ်ကေ