အီရန်နိုင်ငံခြားရေးဝန်ကြီး  ပါကစ္စတန်သို့ နှစ်ရက်ကြာရောက်ရှိ

၂၄ မေ

 

အီရန်နိုင်ငံခြားရေး ဝန်ကြီး  မိုဟာမက် ဂျာဗက် ဇာရဖ် သည် အမေရိကန်နိုင်ငံနှင့် အီရန် နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု ကိစ္စကို  အထူးအလေးပေးလျက် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးရန်အတွက် ယမန်နေ့နှောင်းပိုင်းက ပါကစ္စတန် နိုင်ငံသို့ နှစ်ရက်ကြာခရီး သွားရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။  

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mohammad Faisal က အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi နှင့် ယနေ့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

Mohammad Faisal က ပါကစ္စတန်အနေဖြင့် အပြန်အလှန်ဆွေးနွေးရေး အမြဲထောက်ခံအားပေးပြီး ပြဿနာများအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့် ဖြေရှင်းဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

ပါကစ္စတန်ပြောရေးဆိုခွင့်ရှိသူ က   အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အပြုသဘောလုပ်ဆောင်ရန် လိုအပ်လျှင် ပါကစ္စတန်နိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော်တို့၏ ရပ်တည်ချက်မှာ ပြတ်သားပါကြောင်း ၊ ပါကစ္စတန် အနေဖြင့် အခြေအနေများအားလုံး အပြန်အလှန်ဆွေးနွေးမှုကို ထောက်ခံအားပေးကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာရှိခဲ့လျှင် ညှိနှိုင်းဆွေးနွေးမှုများနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း အမေရိကန်-အီရန် တင်းမာမှုနှင့် ပတ်သက်ပြီး Mohammad Faisal က ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ                
ဘာသာပြန်- မြင့်မြင့်ချို