တီဟီရန် မေ ၁၂

အီရန်နှင့် အမေရိကန်အကြားယမန်နေ့က အိုမန်နိုင်ငံ တွင်ကျင်းပခဲ့သည့် နျူကလီးယားအရေး စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲတွင် အီရန်၏ ယူရေနီယံသတ္တုသန့်စင်ရေး လုပ်ငန်းများအပေါ်တွင် သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။
 
ယူရေနီယံသည် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရာတွင်အသုံးပြုသည့် သတ္တုဖြစ်သည်။ 
၎င်းဆွေးနွေးပွဲတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား အရှေ့အလယ်ပိုင်းဆိုင်ရာ  အမေရိကန် အထူး ကိုယ်စားလှယ် စတိဗ်ဝစ်ကော့က ဦးဆောင်ပြီး အီရန်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး အေဗတ်အေရာချီက ဦးဆောင်သည်။ 

ထပ်မံဆွေးနွေးမည်

အမေရိကန်ဘက်မှ အီရန်၏နျူကလီးယားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ကန့်သတ်ရန်တောင်းဆိုခဲ့ပြီး အီရန်ကလည်း  ၎င်း၏နျူကလီးယားဖွံ့ဖြိုးရေး လုပ်ငန်းများသည် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ကြောင်းနှင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရေးတောင်းဆိုခဲ့သည်။ ဆွေးနွေးပွဲအတွင်း အကြောင်းအရာအများအပြားအား အသေးစိတ်ဆွေးနွေးခဲ့ကြောင်းနှင့် လာမည့်သီတင်းပတ် အတွင်းထပ်မံဆွေးနွေးမည်ဟု သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ