အီရန်နျူကလီးယားအရေး အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့ဆွေးနွေး

ဝါရှင်တန် ဩဂုတ် ၂၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီ ဘန်းနက်တို့သည် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင် ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။

၎င်းတို့နှစ်ဦး တွေ့ဆုံပွဲကို ဝါရှင်တန်မြို့တွင် ဩဂုတ် ၂၇ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နျူကလီးယားလက်နက် ရရှိရန် အီရန်နိုင်ငံ၏ ကြိုးပမ်းချက်ကို ရပ်တန့်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များက နည်းလမ်းများ ရှာဖွေခဲ့ကြသည်။ သို့သော် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းမှာမူ မတူညီကြပေ။ ဘိုင်ဒင်ကမူ ၎င်း၏ အစိုးရအဖွဲ့သည် သံတမန်နည်းလမ်းအရ ဦးစွာ ကြိုးစားမည်ဟု ပြောသည်။

အကယ်၍သံတမန်နည်းလမ်း ကျရှုံးခဲ့လျှင် နောက်ထပ်ရွေးချယ်မှု ပြုလုပ်ရန် အဆင်သင့်ရှိသည်ဟု ပြောသည်။ အစ္စရေးဝန်ကြီးချုပ်ကမူ အမေရိကန်သမ္မတအနေဖြင့် ယခုထက်ပို၍ သဘောထားတင်းမာသည့် ချဉ်းကပ်သည့်ပုံစံဖြင့် ပြုလုပ်စေလိုသည်။

ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အီရန်အပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး အီရန်နျူကလီးယား စာချုပ်မှလည်း နုတ်ထွက်ခဲ့သည်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အဆိုပါစာချုပ်ကို ပြန်လည်အသက်သွင်းလိုသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးအတွက် အကူအညီပေးလိုသည်ဟု အမေရိကန်သမ္မတ ဘိုင်ဒင်က ပြောသည်။

အစ္စရေး ဝန်ကြီးချုပ်ကမူ ပါလက်စတိုင်းကို ဆန့်ကျင်သည်ဟု ထပ်လောင်းပြောခဲ့သည်။ အနောက်ဘက်ကမ်းတွင် ဂျူးများ အခြေချနေထိုင်မှုကို ချဲ့ထွင်သွားရန် အစီအစဉ်ရှိသည်ဟု ဘန်းနက်က ပြောသည်။

အင်န်အိတ်ကေ