အီရန်တို့ရဲ့ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၁၁ ဦး ဒဏ်ရာရရှိ

၁၇ ဇန်နဝါရီ

 

အီရတ်နိုင်ငံရှိ  အမေရိကန်အခြေစိုက် လေတပ်စခန်းကို အီရန်တို့က လက်စားချေတဲ့အနေနဲ့ ဒုံးကျည်ဖြင့် ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ရာ  အမေရိကန်စစ်သား ၁၁ ဦး ဒဏ်ရာရရှိကြောင်း အမေရိကန်စစ်ဘက်က မနေ့ (ကြာသပတေးနေ့) က အတည်ပြုပြောကြားပါတယ်။ အီရန်တို့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့  မူလက ထုတ်ပြန်ခဲ့ပါတယ်။

 

အီရတ်နိုင်ငံရှိ အယ်အာဆတ် အမေရိကန်လေတပ်စခန်းကို ဇန်နဝါရီ ၈ ရက်နေ့တွင် အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလေတပ်စခန်းမှာ အမေရိကန်စစ်သား ၁၅၀ဝ နီးပါး တပ်ချထားကြောင်း သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အယ်အဆတ် လေတပ်အခြေစိုက်စခန်းကို သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဇနီးတို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာက သွားရောက်လည်ပတ်ဖူး ပါတယ်။

 

အီရန်တို့ရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပြီး နောက်တစ်ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တိုက်ခိုက်မှုကြောင့် အမေရိကန်တွေ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူး လို့ ပြောဆိုခဲ့ပါတယ်။

MDN

ကိုးကား - AFP