အီရတ်မြေပေါ်က အမေရိကန်တပ်တွေရဲ့ အနာဂတ်

၇  ဇန်နဝါရီ

အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆက်ဆံရေး အဆိုးရွားဆုံး အနေအထားရောက်နေချိန်မှာ အီရတ်မှာရှိတဲ့အမေရိကန် ရေနံလုပ်သားတွေဟာ အီရတ်ကနေ ထွက်ခွာလာခဲ့ကြပါပြီ။ အီရန်စစ်ဗိုလ်ချုပ်ကြီးကို အမေရိကန်ဘက်က သတ်ဖြတ်ပြီးတဲ့နောက်မှာတော့ အီရန်နိုင်ငံအတွင်းမှာ အမေရိကန်ကျဆုံးဖို့ ကြွေးကြော်သံတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။ အလားတူပါပဲ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်မှာရှိတဲ့ တက်ဟာရင်ပြင်မှာလည်း ဆန့်ကျင်ဆန္ဒပြမှုတွေပေါ်ထွက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ အမေရိကန်နဲ့အီရန်တို့ရဲ့ ပဋိပက္ခဟာ အီရတ်မြေပေါ်မှာမဖြစ်ဘဲ တခြားမှာပဲသွားဖြစ်ကြပါဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

မဲခွဲဆုံးဖြတ်မယ်

အမေရိကန်ရဲ့ ရှင်းလင်းခြင်းကိုခံလိုက်ရတဲ့ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီဆိုတာ အီရတ်နိုင်ငံမှာ အီရန်ရဲ့ လွှမ်းမိုးမှုဖြစ်လာစေဖို့ အဓိကလုပ်ဆောင်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဘဂ္ဂဒက်မြို့ လေဆိပ်အနီးမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ရပါတယ်။ ဒီသတင်းဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လက်ခံထားတဲ့ အီရတ်အတွက်တော့ လုံးဝအံ့အားသင့်ဖွယ်သတင်းပါပဲ။ အီရတ်ဝန်ကြီးချုပ် အဗ္ဗဒယ်အဗ္ဗဒူ မက်ဒီကတော့ ဒီဖြစ်ရပ်ဟာ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တရားလွန်ချိုးဖောက်တာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီး အီရတ်မှာ အမေရိကန်တပ်တွေကို ဆက်လက်ထားမလားဆိုတာကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

သံရုံးပိတ်ပစ်ဖို့တောင်းဆို

ဇန်နဝါရီ ၅ ရက်မှာတော့ အီရတ်မြေပေါ်က နိုင်ငံခြားတပ်တွေ ဆက်ထား မထားဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မဲခွဲခဲ့ကြပါတယ်။ အီရတ်အရာရှိ တွေကတော့ အီရတ်မြေပေါ်က နိုင်ငံခြားတပ်တွေ ဆုတ်ခွာပေးဖို့ နားလည်မှုစာချွန်လွှာ ပြင်ဆင်နေကြပြီလို့ ဝန်ကြီးချုပ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးထံ ဖုန်းဆက် ပြောကြားခဲ့ပါတယ်။ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုပြီး ဒေါသထွက်နေတဲ့ ဝန်ကြီးချုပ်ကတော့ အမေရိကန်သံရုံးနဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပိတ်ပစ်ဖို့အတွက် လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်၏ လွှမ်းမိုးမှုဆုတ်ယုတ်

အမေရိကန်အရာရှိတွေကတော့ အီရတ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုကို ရပ်ဆိုင်းဖို့ အီရတ်ခေါင်းဆောင်တွေကို စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာ ဂတ်စ်ကတော့ အီရတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်ပြီးစဉ်းစားသင့်တယ်လို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အီရတ်မြေပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ နီးပါးခန့် ရှိပါတယ်။ ဒီတပ်တွေ ဆက်ပြီးရှိနေသည်ဖြစ်စေ၊ ဆုတ်ခွာသွားသည်ဖြစ်စေ အီရတ်အပေါ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုဟာ ဆုတ်ယုတ်သွားခဲ့ပါပြီ။

တစ်ထရီလီယံကျော်ရင်းနှီးခဲ့ရ

အီရတ်ကိုအမေရိကန် ကျူးကျော်မှုပြုခဲ့ပြီး ၁၆ နှစ်ကျော်ကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့်ရှိပြီး အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀ ရဲ့အသက်တွေ ရင်းခဲ့ရပါတယ်။ ဒါပေမယ့် အီရန်ကတော့ အီရတ်အပေါ် လွှမ်းမိုးနိုင်မှု ရှိနေတုန်းပါပဲ။ အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်းမန်းနီရဲ့အလောင်းကို အီရန်နိုင်ငံသို့ ပြန်ရောက်ချိန်မှာတော့ ဝမ်းနည်းပူဆွေးနေတဲ့ လူထောင်ပေါင်းများစွာတို့ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ အီရတ်မှာရှိတဲ့ အမေရိကန် သံရုံးကိုတိုက်ခိုက်ဖို့ အီရတ်စစ်သွေးကြွတွေက ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဘေးထွက်နေတာ ကိုတွေ့ရပါတယ်။ ဒီလိုမျိုးဖြစ်အောင်လည်း အီရန်က နောက်ကွယ်ကနေ ရှိနေခဲ့တယ်လို့ အမေရိကန်က ယူဆခဲ့ပါတယ်။

သံရုံးတွေကို အကာအကွယ်ပေးရမယ်

အမေရိကန်သံရုံးကို တိုက်ခိုက်ဖို့လာတဲ့ လူတွေကိုသံရုံးအတွင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ညလုံးပေါက်ဆိုသလို ခုခံခဲ့ကြပါတယ်။ အီရတ်ဝန်ကြီးချုပ်အနေနဲ့ သံရုံးကိုလာရောက်တိုက်ခိုက်သူတွေကို ထွက်သွားအောင်လုပ်ဖို့ မစွမ်းဘူးဆိုတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ၂၄ နာရီ အတွင်းမှာတော့ သူဟာ စစ်သွေးကြွခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အရေးပေါ် အစည်းအဝေးထိုင်ခဲ့ပါတယ်။ အဲဒီနောက် သံရုံးကို တိုက်ခိုက်နေသူတွေ ဆုတ်ခွာဖို့အတွက် တိုက်တွန်းခဲ့တယ်လို့ အစည်းအဝေးကိုတက်ရောက်ခဲ့ကြတဲ့ အရာရှိတွေက ပြောပါတယ်။ အီရတ်ဟာ တိုင်းပြည်တစ်ပြည်ဖြစ်တယ်။ တိုင်းပြည်ဖြစ်တာကြောင့် သံရုံးတွေကို အကာအကွယ်ပေးရမယ်လို့ အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်၏ လွှမ်းမိုးမှု ပိုရအောင်လုပ်

အီရန်ဗိုလ်ချုပ်ကြီးကို အမေရိကန်တို့ကသတ်ဖြတ်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ အီရတ်က နိုင်ငံရေးသမားတွေ အီရန်ကိုကြောက်ရွံ့မှု လျော့ပါးလာစေဖို့ရယ်။ အမေရိကန်ရဲ့ လွှမ်းမိုးမှုပိုပြီးရှိလာအောင် အခုလိုလုပ်လိုက်တာပဲဖြစ်တယ်လို့ စီအိုင်အေ အရာရှိဟောင်းတစ်ဦးဖြစ်သူ ကန်နက်အမ်ပေါလက် က  ပြောပါတယ်။ အီရတ်မြေပေါ်မှာရှိနေတဲ့ အီရန်တွေခေါင်းဆောင်မဲ့သွားပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့အခါ အခြေအနေတွေယိုင်နဲ့သွားအောင်ပြုလုပ်လိုက်ခြင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အီရတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ တိကျတဲ့မူဝါဒ မရှိပါဘူး။ အီရန်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ ခြေကုပ်ယူထားရုံ သက်သက်ပဲလို့ သူက ဆက်လက်သုံးသပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ပါဝင်မှု အဆုံးသတ်သင့်

အီရတ်မြေပေါ်မှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ နီးပါးဟာတော့ အိုင်အက်စ်စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရှိနေခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့ မဲပေးမှုမတိုင်ခင်အထိ အိုင်အက်စ်တွေကိုတိုက်မယ့် မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို ရပ်နားထားပါတယ်။ နိုင်ငံခြားတပ်တွေ အီရတ်မြေပေါ်ကနေ ထွက်သွားဖို့အရေးကို အီရတ်ဝန်ကြီးချုပ်က လွှတ်တော်မှာ တောင်းဆိုပြီးတဲ့နောက်မှာတော့ အီရတ်လွှတ်တော်ကနေ အမိန့်ထွက်လာခဲ့ပါတယ်။ အီရတ်မှာ အိုင်အက်စ်တွေကို တိုက်ထုတ်ဖို့ အပြည်ပြည်ဆိုင်ရာက မဟာမိတ်တပ်တွေထားရှိမှုကို အစိုးရအနေနဲ့ ရုပ်သိမ်းပေးရေး၊ အီရတ်မြေပေါ်မှာ မည်သည့်နိုင်ငံခြားတပ်တွေကိုမှ ဆက်မထားရေး၊ နောက်ပြီးအီရတ်ရဲ့ မြေပြင်၊ ဝေဟင်နဲ့ ရေပြင်ပိုင်နက်တွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ အသုံးပြုခွင့်မပေးရေး တို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးမဲခွဲဆုံးဖြတ်မှုမတိုင်ခင်ကတော့ အီရတ်မြေပေါ်မှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ အနှေးနဲ့အမြန် ဆိုသလို အဆုံးသတ်သင့်ပြီလို့ ပြောကြားခဲ့ပါတယ်။

ဆက်ဆံရေးပျက်ပြားရ

အခုလက်ရှိအခြေအနေအရတော့ အမေရိကန်နဲ့ အီရတ်တို့ရဲ့ ဆက်ဆံရေးဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားပြီလို့ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဆိုင်ရာ အကြံပေးဟောင်းတစ်ဦးဖြစ်သူ အီမာစကိုင်းက ပြောပါတယ်။ အမေရိကန်ရဲ့ မူဝါဒဟာ အီရတ်နိုင်ငံအတွင်း တည်ငြိမ်ရေးကို ဦးတည်ထား ခြင်းမရှိဘဲ အီရန်ကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက်သာ ဦးတည်တာကြောင့် အီရတ်မြေပေါ်မှာ အမေရိကန်တပ်တွေ ဆက်လက်ရှိနေဖို့ကတော့ မလွယ်တော့ပါဘူးလို့ သူကဆက်ပြောပါတယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ်က ဘယ်လိုပဲဖြစ်နေပါစေ အီရတ်အစိုးရဟာ အမေရိကန်တပ်တွေကို တကယ်ပဲ နှင်ထုတ်လိမ့်မယ်လို့ ယူဆတာကတော့ အနည်းစုပဲရှိပါတယ်။

မသေချာသေး

အီရတ်ခေါင်းဆောင်အများစုကတော့ နိုင်ငံအတွင်း လုံခြုံရေးအတွက် အမေရိကန်တပ်တွေရှိနေတာပဲ အကျိုးဖြစ်ထွန်းဆဲပဲလို့ ယုံကြည်ကြပါတယ်။ နောက်ပြီး အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရာမှာလည်း အမေရိကန်ရဲ့ အကူအညီလိုအပ်နေတုန်းပါပဲ။ နောက်ဆုံးတစ်ချက် အနေနဲ့ကတော့ အီရန်ရဲ့လွှမ်းမိုးမှုကို လျှော့ချနိုင်တာကလည်း အမေရိကန်တပ်တွေ ရှိနေမှဖြစ်မယ်လို့ အီရတ်ခေါင်းဆောင် အချို့က ယူဆကြတုန်းပါပဲ။ ဒါကြောင့် အီရတ်မြေပေါ်က အမေရိကန်တပ်တွေရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာကတော့ မသေချာသေးပါဘူး။

ခြူးစန္ဒီနွေး

ကိုးကား -နယူးယောက်တိုင်းစ်၊ ဘီဘီစီစီအင်န်အင်န်