အီရတ်နဲ့ အီရန် ဝေဟင်ပိုင်နက်အတွင်း လေယာဉ်တွေ မပျံသန်းရန် တားမြစ်

၈ ဇန်နဝါရီ

 

အီရတ်နိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန်အခြေစိုက်ခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်အပြီးမှာ အီရန်နဲ့ အီရတ် လေပိုင်နက်အတွင်းမှာ လေယာဉ်တွေ မပျံသန်းရန် လေကြောင်းလိုင်းတွေက ညွှန်ကြားထားပါတယ်။

 

အမေရိကန် လေကြောင်းလိုင်းတွေကို အီရန်၊ အီရတ်နဲ့ ပင်လယ်ကွေ့ဒေသတွေအပေါ်မှာ ပျံသန်းသွားလာခြင်း မပြုရန် တားမြစ်ထားပါတယ်။

 

ပြင်သစ်လေကြောင်းလိုင်းရဲ့ ပြောခွင့်ရသူက ကြိုတင်ကာကွယ်တဲ့အနေနဲ့ Air France လေကြာင်းလိုင်းအနေနဲ့ အီရတ်နဲ့ အီရန် လေပိုင်နက်တွေမှာ မပျံသန်းဖို့ ပိတ်ပင်တားမြစ်တာသာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

နယ်သာလန်လေကြောင်းလိုင်း KLM နဲ့ ဂျာမနီလေကြောင်းလိုင်း Lufthansa တို့ကလည်း အီရတ်နဲ့ အီရန်လေပိုင်နက်တွေအတွင်း မပျံသန်းရန် တားမြစ်ထားပါတယ်။

 

အလားတူ ယူအေအီးလေကြောင်းလိုင်း Emirates Airline၊ သြစတြေးလျား လေကြောင်းလိုင်း Qantas၊ စင်ကာပူလေကြောင်းလိုင်း၊ မလေးရှားလေကြောင်းလိုင်း၊ ဗီယက်နမ်လေကြောင်းလိုင်း၊ ဂျပန်လေကြောင်းလိုင်းတွေဖြစ်တဲ့ ANA နဲ့ JAL၊ ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်း တွေကလည်း အီရန်နဲ့ အီရတ်တို့ရဲ့ ဝေဟင်ပိုင်နက်ကိုဖြတ်ပြီး မပျံသန်းရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

 

အီရန် နဲ့ အီရတ် လေပိုင်နက်ဟာ အာရှနဲ့ ဥရောပကို ဆက်သွယ်နေတဲ့ လမ်းကြောင်းမှာ အရေးပါတဲ့ ဒေသဖြစ်ပေမယ့် လေကြောင်းလိုင်းတွေအနေနဲ့ ခရီးလမ်းကြောင်းကို ပြောင်းလဲ ပျံသန်းရမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP