အီရတ်နိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား  အိုင်အက်စ်စစ်သွေးကြွ ငါးဦးသေဆုံး

ဖေဖော်ဝါရီ ၂၄

 

အီရတ်နိုင်ငံမြောက်ပိုင်း ကာကတ်ခ်ပြည်နယ်တွင် ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသဖြင့် အိုင်အက်စ်အစွန်းရောက်စစ်သွေကြွငါးဦး သေဆုံးခဲ့သည်ဟု အီရတ်စစ်တပ်ကဆိုသည်။

 

အီရတ်မြို့တော်ဘဂ္ဂဒက်မြောက်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာ ပြည်နယ်မြို့တော် ကာကတ်ခ်ရှိ အယ်လ်ဒီဘစ်ဒေသတွင် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ၎င်းတို့ကိုတွေ့ရှိခဲ့ပြီးနောက် အိုင်အက်စ်တို့ပုန်းအောင်းနေရာနှစ်ခုကို အီရတ်လုံခြုံရေးတပ်ဖွဲ့များက လေကြောင်း တိုက်ခတ်မှုပြုလုပ်ခဲ့ကြသည်။ 

 

မနက်အစောပိုင်းက ယင်းတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ပုန်းအောင်းရာနေရာများပျက်စီးသွားပြီး ဒေသခေါင်းဆောင်နှစ်ဦးအပါအဝင် အိုင်အက်စ်စစ်သွေးကြွငါးဦးသေဆုံးခဲ့သည်။

 

ပြီးခဲ့သည့်လအနည်းငယ်အတွင်း အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် စစ်သွေးကြွများ၏ပြင်းထန်သည့်လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့အား အသေအကြေ တိုက်ခိုက်ခဲ့ကြသည်။

 

၂၀၁၇ ခုနှစ်က အီရတ်တပ်ဖွဲ့များက အိုင်အက်စ်တို့ကို အနိုင်ရရှိပြီးနောက် အီရတ်နိုင်ငံရှိ လုံခြုံရေးအခြေအနေသည် တိုးတက်ကောင်းမွန်လာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို