စက်တင်ဘာ ၂၇
အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ် အယ်လ်ဟမ်ဒါနီရာမြို့ရှိ မင်္ဂလာခန်းမတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၀၀ ကျော်သေဆုံးပြီး အခြား ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းဖော်ပြချက်များကို ကိုးကားပြီး ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် မီးလောင်လွယ်သောဆောက်လုပ်ရေးပစ္စည်းများဖြင့် ဆောက်လုပ်ထားသော ထိုအဆောက်အအုံ အတွင်းတွင် ယမန်နေ့ညသန်းခေါင်ယံချိန်မတိုင်မီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီရတ်သတင်းအေဂျင်စီ အိုင်အင်န်အေက ဖော်ပြထားသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားချိန်က ထိုမင်္ဂလာခန်းမအတွင်းတွင် လူ ၈၀၀ မှ ၉၀၀ အထိ ရှိသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
ထိုခန်းမအဆောက်အအုံအတွင်း မီးရှူးမီးပန်းများမီးညှိရာမှ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ယင်းအဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အီရတ်သတင်းအေဂျင်စီက ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို