အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးကို ဒုံးကျည်သုံးစင်း ထိမှန်

ဘဂ္ဂဒက် ၂ ဇန်နဝါရီ

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို ဇန်နဝါရီ ၂၆ ရက်က ဒုံးကျည်သုံးစင်း ထိမှန်ခဲ့ ကြောင်း သိရသည်။

အီရတ်နိုင်ငံတစ်လွှားတွင် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်ပြီးနောက် ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သံရုံးကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လအတွင်းကလည်း အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ဖြန့် ချထားရာစခန်းများနှင့် အမေရိကန် သံရုံးကို ပစ်မှတ်ထားကာ တိုက်ခိုက်မှု များပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုမှာ မည်သည့် အဖွဲ့အစည်းဖြစ်သည်ကိုမူ မသိရသေးပေ။ သို့သော် အမေရိကန်ကမူ အီရတ်ရှိ အီရန်က ထောက်ပံ့ပေးထားသည့်အဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု ထပ်ခါထပ်ခါ အပြစ်တင်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် ဒုံးကျည်တစ်စင်းမှာ အမေရိကန်သံရုံး ကော်ဖီဆိုင်သို့ ထိမှန်ခဲ့ကြောင်း၊ နောက်ထပ် ဒုံးကျည်နှစ်စင်းမှာလည်း အနီးအနားဝန်းကျင်သို့ ကျရောက်ခဲ့ကြောင်း၊ လုံခြုံရေး သတင်းအရင်းမြစ် တစ်ခုက အေအက်ဖ်ပီသို့ ပြောသည်။

လူတစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်အဆင့်မြင့်အရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ ဒဏ်ရာရရှိမှုပြင်းထန်ခြင်း ရှိ မရှိနှင့် သံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အီရတ်နိုင်ငံသား ဒဏ်ရာရရှိခြင်း သို့မဟုတ် အမေရိကန်နိုင်ငံသား ဒဏ်ရာရရှိခြင်းလား ဆိုသည်ကိုမူ မသိရသေးပေ။ အမေရိကန်သံရုံးမှလည်း ဖြေကြားခဲ့ခြင်းမရှိပေ။ သံရုံးအဆောက်အအုံကို အီရတ်အစိုးရမှ အကာအကွယ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။ သံရုံးတိုက်ခိုက်ခံရမှုကို အီရတ်ဝန်ကြီးချုပ် အဗ္ဗဒယ်မက်ဒီနှင့် ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဟယ်ဘူစီကလည်း ရှုတ်ချခဲ့ပြီး အီရတ်နိုင်ငံကို စစ်ပွဲအတွင်းသို့ ဆွဲခေါ်သွားခြင်းဟု ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် အမေရိကန်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး အသတ်ခံရစဉ်ကလည်း အမေရိကန်သည် ပြန်လည်လက်တုံ့ ပြန်သည့်အနေဖြင့် အီရန်ကထောက်ပံ့ပေးထားသည့် အဖွဲ့များကို ပြန်လည်တိုက်ခိုက်ခဲ့ဖူးသည်။

အေအက်ဖ်ပီ