အီရတ်နှင့် ဆီးရီးယားတို့တွင် အိုင်အက်စ်တို့ အင်အားပြန်လည် စုစည်းနေ

၂၀ သြဂုတ်

ဆီးရီးယားမှာရှိတဲ့ အမေရိကန်ကို ကျောထောက်နောက်ခံပြုထားတဲ့တပ်ဖွဲ့တွေ အိုင်အက်စ်အကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းပြီး ငါးလအကြာမှာ အိုင်အက်စ်အဖွဲ့ဟာ လူသူအင်အားပြန်လည်စုစည်းပြီး ပြောက်ကျားတိုက်ခိုက်မှုနဲ့ အီရတ်နဲ့ဆီးရီးယားတစ်လွှားမှာ တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်လာပြန်ပါတယ်။ ဘဏ္ဍာရေးစနစ်ကိုလည်း ပြန်လည်စုစည်းနေပြီး တပ်သားသစ်စုဆောင်းဖို့အတွက်ကတော့ မဟာမိတ်တွေ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်၊ အီရတ်တပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။

ထောက်ပံ့မှုတွေ ဖြတ်ချတာလား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်တွေကို အလုံးစုံချေမှုန်း နိုင်ပြီလို့ပြောပေမယ့် အဲဒီဒေသမှာ တာဝန်ထမ်း ဆောင်နေကြတဲ့ ကာကွယ်ရေးအရာရှိတွေကတော့ ဒီလိုမျိုး မယူဆပါဘူး။ အကြမ်းဖက်အုပ်စုတွေ ဆက်လက်ရှိနေဆဲပဲလို့ ယုံကြည်ကြပါတယ်။ ထောက်လှမ်းရေးမှူးချုပ်တစ်ယောက်ရဲ့ အစီရင်ခံ စာမှာတော့ ယခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၀ဝဝ ကို ထက်ဝက်ခန့် လျှော့ချမယ်လို့ ကြေညာခဲ့တာအတွက် ဒါဟာ အိုင်အက်စ်တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားမိတ်ဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမှုတွေ ဖြတ်ချလိုက်တာပဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်နဲ့ အပြည်ပြည်ဆိုင်ရာက တပ်ဖွဲ့တွေဟာ အိုင်အက်စ်တွေကို မြို့ပြတွေဆီ ထွက်ပြေးမသွားနိုင်အောင် ထိန်းချုပ်ဖို့ ကြိုးစားကြပါတယ်။

စိုးရိမ်မှု အနည်းငယ်သာရ

အိုင်အက်စ်တွေဟာ အရင်တုန်းက သူတို့သိမ်း ပိုက်ခဲ့တဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူဖို့ ကြိုးစားလိမ့်မယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ စိုးရိမ်မှုအနည်းငယ်သာ ရှိကြပါတယ်။ အရင်တုန်းကဆိုရင် အိုင်အက်စ်တွေ သိမ်းပိုက်ခဲ့တဲ့ပမာဏဟာ ဗြိတိန်နိုင်ငံ အရွယ်အစားလောက်ရှိပြီး လူဦးရေ ၁၂ သန်းနီးပါးရဲ့ အသက်ကို ထိန်းချုပ်နိ်ုင်ခဲ့ပါတယ်။

အခုအချိန်ထိတိုင်အောင်ပဲ အဲဒီအကြမ်းဖက် အုပ်စုဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ တိုက်ခိုက်ရေး သမားပေါင်း ၁၈၀ဝဝ ခန့် ကျန်ရှိနေသေးပြီး ရွှေ့ပြောင်းစခန်းချလျက် ရှိပါတယ်။ သူတို့တွေဟာ၊ ချုံခိုတိုက်ခိုက်တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ လူမျိုးစုခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံတာတွေ လုပ်ဆောင်ကြပါတယ်။

စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံထား

နောက်ပြီးတော့ အိုင်အက်စ်တွေမှာ အမေရိကန်ဒေါ်လာသန်း ၄၀ဝ နီးပါးခန့်ဟာ ဆီးရီးယားနဲ့ အီရတ် ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုးပြီးသိုဝှက်ထားတာမျိုး ရှိပါတယ်။ ငါးဖမ်းလုပ်ငန်း၊ ကားပွဲစားလုပ်ငန်း၊ ဆေးခြောက်စိုက်ပျိုးမှုတွေမှာ အဲဒီငွေတွေကို ရင်းနှီးမြှုပ်နှံထားတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အိုင်အက်စ်တွေဟာ ဘဏ္ဍာငွေရရှိရေး ခြိမ်းခြောက်ပြီး ငွေတောင်းတာမျိုးတွေ လုပ်ကိုင်ပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်းမှာဆိုရင် သီးနှံတွေပေးဖို့ လယ်သမားတွေကငြင်းဆိုရင် မီးရှို့ဖျက်ဆီးတာတွေ လုပ်သွားပါတယ်။ ပြီးခဲ့တဲ့ ခုနစ် လတာအတွင်းမှာတော့ ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ အိုင်အက်စ်တွေ ထိုးဖောက်ဝင်ရောက်လာပါတယ်။

အကြမ်းဖက်သမားလက်သစ်အတွက် နေရာလား

ဒုက္ခသည်စခန်းတွေမှာ လူပေါင်း ၇၀ဝဝဝ အတွက် ထားစရာနေရာ အဆင်သင့် မရှိပါဘူး။ အဲဒီလူပေါင်း ၇၀ဝဝဝ မှာ အိုင်အက်စ်တိုက်ခိုက်ရေး သမားတွေရဲ့ မိသားစုတွေ ပါဝင်ပါတယ်။ နောက်ပြီး ဆီးရီးယားကာ့ဒ် မဟာမိတ်တွေ အုပ်ချုပ်နေတဲ့ အယ်လ်ဟို ဒုက္ခသည်စခန်းမှာဆိုရင် အိုင်အက်စ် တွေရဲ့အယူအဆတွေ ပြန့်ပွားနေပြီး အနာဂတ်မှာ ပေါ်ပေါက်လာမယ့် အကြမ်းဖက်သမားတွေအတွက် နေရာတစ်ခုလို ဖြစ်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။

အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားကာ့ဒ်တပ်ဖွဲ့ဝင်တွေဟာ အိုင်အက်စ်တိုက်ခိုက်ရေးသမားပေါင်း ၁၀ဝဝဝ ကျော်ကို ထိန်းသိမ်းထားရပြီး အဲဒီထဲမှာ နိုင်ငံခြား သား တိုက်ခိုက်ရေးသမားပေါင်း ၂၀ဝဝ ခန့် ပါဝင် ပါတယ်။

ပြန်လည်ထကြွလာနိုင်

မကြာသေးခင်က ထွက်ပေါ်လာတဲ့ ကုလသမဂ္ဂအစီရင်ခံစာမှာလည်း အယ်လ်ဟိုဒုက္ခသည် စခန်းမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေဟာလည်း လိုက်လျောညီထွေစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိလျှင် တစ်နေ့နေ့မှာ အန္တရာယ်ခြိမ်းခြောက်မှု တစ်ခုဖြစ်လာလိမ့်မယ်လို့ ပါရှိပါတယ်။ အိုင်အက်စ်တွေဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာတင် မကဘဲ အနောက်အာဖရိကကနေ ဆိုင်းနိုင်းအထိပါ ပြန်လည်ထကြွလာမှုတွေ ဖြစ်လာနိုင်တယ်လို့ အီရတ်၊ အမေရိကန်နဲ့ အနောက်တိုင်းက ထောက်လှမ်းရေး အရာရှိတွေ၊ စစ်ဘက်အရာရှိတွေက ဖော်ပြကြပါတယ်။ ဒီအကြမ်းဖက်သမားတွေဟာ အမေရိကန်ရဲ့အကျိုးစီးပွားနဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ပါပဲ။ ဒါပေမယ့် ထရမ့်ကတော့ ဆီးရီးယားက တပ်ဖွဲ့ဝင်တွေကို လျှော့ချပြီး အီရန်နဲ့ ရင်ဆိုင်နိုင်ဖို့တပ်တွေကို အရှေ့အလယ်ပိုင်းဒေသကို ပြောင်းရွှေ့လိုပါတယ်။

နယ်စပ်မှာစိမ့်ဝင်လာ

အခုအချိန်မှာတော့ အိုင်အက်စ်တွေဟာ အင်အားလျော့နည်းနေတုန်းပါပဲ။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာအနှံ့ လှုပ်ရှားမှုတွေ ရှိပါတယ်လို့ ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်သုတေသနစင်တာက ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဆူဒန်နီရိုင်နီက ပြောပါတယ်။ ဒေသတွင်းမှာရှိတဲ့ ကာကွယ်ရေး အရာရှိတွေကတော့ အိုင်အက်စ်တွေဟာ ကျေး လက် နယ်မြေတွေမှာ အင်အားလျှော့ချနေပြီး အီရတ်နဲ့ ဆီးရီးယားနယ်စပ်တို့မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ စိမ့်ဝင်လာတယ်လို့ ပြောပါတယ်။ အီရတ်ရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေကတော့ တစ်ချိန်တုန်းက အိုင်အက်စ်တို့ရဲ့ လက်အောက်ကို ကျရောက်ခဲ့ဖူးပြီး အခုအချိန် ထိတိုင်အောင်လည်း တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေဆဲပါပဲ။

ရက်စက်မှုတွေ ပြန်လည်ပေါ်ပေါက်

အခုနှစ် ပထမခြောက်လအတွင်းမှာပဲ အဲဒီပြည်နယ်တွေမှာ တိုက်ခိုက်မှုပေါင်း ၁၃၉ ခု ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၂၇၄ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုကတော့ အရပ်သားတွေဖြစ်ကြပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါပါတယ်။ အရင် အိုင်အက်စ်တွေ သိမ်းပိုက်ခဲ့တုန်းကလို ရက်စက်တဲ့ သတ်ဖြတ်မှုမျိုးတွေ မတွေ့ရတော့ပေမယ့် ဩဂုတ်လအစောပိုင်းမှာတော့ အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ဆူလာဟူဒင်ပြည်နယ် ဆာမရာမြို့မှာ အိုင်အက်စ်သစ္စာခံတစ်ဦးက ရဲတစ်ဦးကို လူရှေ့မှာ ခေါင်းဖြတ်သတ်ခဲ့ပါတယ်။

ရဲတွေခြိမ်းခြောက်ခံရ

အဲဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မကြာခဏ တိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး အဲဒီပြည်နယ်က ရဲတွေဟာလည်း အလုပ်ကနေ နုတ်ထွက်ဖို့ မကြာခဏဆိုသလို ခြိမ်းခြောက်ခံရ ပါတယ်။ အိုင်အက်စ်ခေါင်းဆောင်တွေဟာ အိီရတ်နဲ့ ဆီးရီးယားတို့မှာ ရှုံးနိမ့်သွားပြီဖြစ်ပေမယ့် တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အင်အားစုဆောင်းတာတွေ လုပ်နေတုန်းပဲလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးကော်မတီမှ သုတေသီတွေက ပြောပါတယ်။ ဧပြီလကနေ ဇွန်လအထိ အိုင်အက်စ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်တဲ့ အစီရင်ခံစာမှာတော့ အိုင်အက်စ်အုပ်စုဟာ ဆီးရီးယားမှာ ပြန်လည် လှုပ်ရှားလာပြီး အီရတ်မှာလည်း အလားတူ လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ပါရှိပါတယ်။

အပြောတွေက ဆန့်ကျင်ဘက်တွေဖြစ်နေ

အမေရိကန်သမ္မတထရမ့်က အိုင်အက်စ်တွေ ကိုလုံးဝ နှိမ်နင်းနိုင်ပြီလို့ ပြောဆိုခဲ့ပေမယ့် သူ့ရဲ့ ထောက်လှမ်းရေးအေဂျင်စီ၊ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးက အရာရှိတွေကတော့ အိုင်အက်စ်တွေရဲ့ အန္တရာယ် ဆက်လက်ရှိနေဆဲပဲလို့ ပြောတာမို့ သမ္မတထရမ့်နဲ့ ထောက်လှမ်းရေးအရာရှိတွေကြား ဆန့်ကျင်ဘက်အပြောတွေ ရှိနေပါတယ်။ 

ကိုးကား -နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး