အီသီယိုပီးယားတွင် မိုးခေါင်ရေရှားမှုကြောင့် လူဦးရေး ခုနစ်သန်းကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေ

အဒစ္စအဘာဘာ ဇွန် ၆

 

အီသီယိုပီးယား နိုင်ငံတစ်ဝန်း မိုးခေါင်ရေရှားမှုကြောင့် လူဦးရေ ၇ ဒသမ ၂ သန်းကျော်မှာ စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်လိုက်သည်။

 

ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ဇွန် ၄ ရက်က ထုတ်ပြန်လိုက်သည့် နောက်ဆုံး အချက်အလက်များအရ အီသီယို ပီးယားနိုင်ငံရှိ အိုရိုမီယာတောင်ပိုင်းနှင့် အနောက်တောင် ပိုင်းဒေသများရှိ ကျေးလက်နေ လူဦးရေ ၇ ဒသမ၂ သန်းကျော်မှာ စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အာဖရိကနိုင်ငံများတွင် လေးနှစ်ဆက်တိုက် မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နေပြီး နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားပါးမှုအခြေ အနေကိုရင်ဆိုင်နေရသည်။ ကာလ ရှည်ကြာ မိုးခေါင်ရေရှားမှုကြောင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ အပေါ်တွင် မှီခိုနေရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်စေပြီး အစားအစာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့မှုများကို ပိုမိုနက်ရှိုင်းစွာဖြစ်ပေါ် စေလျက်ရှိသည်။ ထို့အတူ အီသီယိုပီးယားနိုင်ငံရှိ လူဦးရေ ၄ ဒသမ ၄ သန်းခန့်မှာ သောက်သုံး ရေအကူအညီများ လိုအပ်လျက်ရှိကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

 

ကာလရှည်ကြာ မိုးခေါင် ရေရှားမှု၏ အကျိုးဆက်အဖြစ် အရှေ့အာဖရိကနိုင်ငံများတွင် ကျွဲ၊ နွားတိရစ္ဆာန် အကောင်ရေ ၂ ဒသမ ၁ သန်းခန့် သေဆုံးခဲ့ပြီး ယခုအချိန်အထိ တိရစ္ဆာန်ကောင်ရေအများဆုံး သေဆုံးမှုအဖြစ် စံချိန်တင်ခဲ့သည်။ ထို့ပြင် အခြားသော ကျွဲ၊ နွားတိရစ္ဆာန် ၂၂ သန်းခန့်မှာလည်း မိုးခေါင် ရေရှားပြီး အစာရေစာ ငတ်မွတ်မှုကြောင့် ဆိုးရွားစွာ ပိန်ချုံးချည့်နဲ့ လျက်ရှိသည်။ ။

 

လာမည့် လများအတွင်း အီသီယိုပီးယားနိုင်ငံရှိ နယ်မြေ အချို့တွင် မိုးခေါင်ရေရှားမှုများ ဆက်လက် ဖြစ်ပေါ်နိုင်သဖြင့် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂက သတိပေး ထုတ်ပြန်ထားသည်။ အာဖရိက ဦးချိုဒေသသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ဖြစ်ပေါ်လျက်ရှိ ပြီး အီသီယိုပီးယား၊ ဆိုမာလီယာနှင့် ကင်ညာနိုင်ငံတို့ရှိ လူဦးရေ  ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဧပြီလကတည်းက ထုတ်ပြန်ထားသည်။

 

ဆင်ဟွာ