အီတလီအစိုးရက နိုင်ငံတွင်း AI နည်းပညာသုံး ChatGPT သုံးစွဲမှု ယာယီပိတ်ပင်

 

ရောမ ဧပြီ  ၃

 

အီတလီအစိုးရက AI နည်းပညာသုံး ChatGPT သည် ပြည်တွင်းဥပဒေများကို ချိုးဖောက်နိုင်သည်ဟု ယူဆပြီး နိုင်ငံ အတွင်း ChatGPT အသုံးပြုမှုကို ယာယီ ပိတ်ပင်မည်ဖြစ်ကြောင်း ကြေညာသည်။

 

AI နည်းပညာသုံး ChatGPT အသုံး ပြုမှုကိုပိတ်ပင်ရန် နိုင်ငံ၏အချက် အလက် ကာကွယ်ရေးဆိုင်ရာ အာဏာပိုင်များက မတ် ၃၁ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ChatGPT အသုံးပြုသူများ၏ ငွေပေးချေမှုဆိုင်ရာ အချက်အလက်များ အပါအဝင် သတင်းအချက်အလက် ပေါက်ကြားမှု အစီရင်ခံစာများကို မတ်လ ၂၀ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ChatGPT ကိုဖန်တီးတီထွင်ခဲ့သည့် OpenAI ဆော့ဖ်ဝဲသည် အသုံးပြုသူများအား နိုင်ငံအတွင်း  ချမှတ်ထားသည့် ဥပဒေနှင့်ညီညွတ်သည့် အချက်အလက်များကို  ဖော်ပြပေးခြင်းမရှိသည့်အပြင် သုံးစွဲသူများ၏ အသက်အရွယ်ကန့်သတ်ချက်ကိုလည်း တိကျခိုင်မာစွာ သတ်မှတ်ထားခြင်းမရှိကြောင်း အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုတစ်ခုအရ သိရသည်။

 

ထို့ပြင် OpenAI ဆော့ဖ်ဝဲသည် ဉာဏ်ရည်တုနည်းပညာကို ဆန်းသစ်တီထွင်မှုအတွက် အချက်အလက်အများအပြားကို စုဆောင်းထားပုံရပြီး ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးဆိုင်ရာ အီတလီနိုင်ငံ၏ ဥပဒေများကိုလည်း ချိုးဖောက်နိုင်ဖွယ်ရှိသည်ဟု အာဏာပိုင်များက ဆိုသည်။

 

OpenAI သည် သုံးစွဲသူများ၏ အသက်အရွယ်ကန့်သတ်ချက်ကို တိကျစွာ သတ်မှတ်နိုင်ရန်နှင့် ဥပဒေနှင့် ညီညွတ်မှုရှိသည့် အချက်အလက်များကိုသာ ဖော်ပြပေးရန် ပြင်ဆင်သတ်မှတ်ချိန် ရက်ပေါင်း ၂၀ ရရှိမည်ဖြစ်သည်။ ယင်းသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခြင်းမရှိပါက ဒဏ်ငွေ ယူရို သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇ သန်း) ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း အီတလီအာဏာပိုင်များက ဆိုသည်။

 

အဆိုပါ ဒဏ်ကြေးငွေပမာဏသည် OpenAI ၏ ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်လုပ်ငန်းလည်ပတ်မှု၏ လေးရာခိုင်နှုန်းနှင့် ညီမျှမှုရှိကြောင်း သိရသည်။

 

OpenAI ဆော့ဖ်ဝဲသည် အီတလီနိုင်ငံ ၏ ကိုယ်ရေးကိုယ်တာဥပဒေများကို လိုက်နာမည်ဖြစ်သော်လည်း အီတလီ နိုင်ငံအတွင်း ChatGPT သုံးစွဲရန် ကမ်းလှမ်းမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း OpenAI အမှုဆောင်အရာရှိချုပ် ဆမ်အလ်မန်က ဆိုသည်။

 

အီတလီနိုင်ငံသည် ChatGPT ကို အရေးယူသည့် ပထမဆုံး အနောက်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်