အီတလီ၏ ဒုက္ခသည်ဆန့်ကျင်ရေးမူဝါဒကို စိန်ခေါ်လာသည့် ကယ်ဆယ်ရေးသင်္ဘော

ခြူးစန္ဒီနွေး

 

အီတလီအစိုးရဟာ ရွှေ့ပြောင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး သဘောထား မပျော့ပျောင်းပါဘူး။ အစိုးရဟာ အီတလီနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကိုလည်း တင်းကျပ်ထားပါတယ်။ ဒီလိုမျိုး အခြေအနေတွေကြားထဲမှာ ဒုက္ခသည် ၄၂ ယောက်ကို တင်ဆောင် လာတဲ့ သင်္ဘောဟာ အီတလီရေပိုင်နက်ထဲကို ရောက်လာပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့ အီတလီအစိုးရနဲ့ လူ့အခွင့်အရေးအုပ်စုတွေအကြား မပြေလည်မှုကို ပိုမိုအားကောင်းလာစေပါတယ်။ ဒုက္ခသည် ၄၂ ယောက်ကို တင်ဆောင်လာတဲ့ သင်္ဘောကတော့ Sea Watch 3 ဆိုတဲ့ သင်္ဘောပဲဖြစ်ပါတယ်။ ဂျာမနီက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပိုင်သင်္ဘောလည်း ဖြစ်ပါတယ်။

 

အီတလီရေပိုင်နက်ထဲရောက်ရှိ

 

ဒီသင်္ဘောဟာ ပင်လယ်ထဲမှာ တဝဲလည်လည် ဖြစ်နေတာ နှစ်ပတ်လောက်ရှိပါပြီ။ လုံခြုံစွာ ကမ်းကပ်နိုင်ပြီး ဒုက္ခသည်တွေ ကုန်းပေါ် တက်နိုင်ရေးအတွက် ညွှန်ကြားချက်တွေကို စောင့်ဆိုင်းရင်း နှစ်ပတ်လောက်ကြာသွားတာပါ။ သင်္ဘောပေါ်ပါလာတဲ့ ဒုက္ခသည်တွေကတော့ လစ်ဗျားနိုင်ငံက ထွက်ခွာလာပြီး အပြည်ပြည် ဆိုင်ရာ ရေပိုင်နက်အရောက်မှာ Sea Watch 3 သင်္ဘောနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင် ၂၆ ရက် ညနေပိုင်းမှာ အီတလီနိုင်ငံ ရေပိုင် နက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ ဥပဒေသစ်အရ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရဘဲ အီတလီဆိပ်ကမ်းကို သင်္ဘောဝင်ရောက်လို့ မရပါဘူး။ 

 

သင်္ဘောကမ်းကပ်ခွင့်ကို ပိတ်ပင် ထားပါတယ်။ Sea Watch 3 သင်္ဘော ရေယာဉ်မှူးကတော့ အရေးပေါ်အခြေအနေ ကြောင့် ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

 

အရေးပေါ်အခြေအနေဟု ပြောကြား

 

အရေးပေါ်အခြေအနေကြောင့် အီတလီ ရေပိုင်နက်ထဲကို ဝင်ရောက်ခဲ့ရတာ ဖြစ်ပါတယ်လို့ ရေယာဉ်မှူးကြီး ကာရိုလာရက်ကီတီက ပြောပါတယ်။ လမ်ပီဒူဆာက ဆိပ်ကမ်း အာဏာ ပိုင်အဖွဲ့ကို ရေဒီယိုကနေတစ်ဆင့် ဆက်သွယ်ပြီး သတင်းပို့ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီလုပ်ရပ်ဟာ အ္တရာယ်များလှပါတယ်။ သင်္ဘော ပေါ်ပါလာတဲ့ ဒုက္ခသည် ၄၂ ယောက်ဟာလည်း ပင်ပန်းနွမ်းနယ် နေပါပြီ။ သူတို့ကို လုံခြုံစိတ်ချ စွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သူကဆက်ပြော ပါတယ်။

 


လူအချို့ကို ကုန်းပေါ်တက်ခွင့်ပေး

 

အီတလီအစိုးရကတော့ ဒုက္ခသည်တွေ အတွက် သူတို့ရဲ့ ရေပိုင်နက်ကို ဖွင့်ပေးမှာ မဟုတ် ဘူးလို့ ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ Sea Watch 3 သင်္ဘောဟာ လစ်ဗျားက ထွက်ခွာလာတဲ့ ဒုက္ခ သည်တွေကို စတင်ကယ်ဆယ်ခဲ့တဲ့ ဇွန် ၁၂ ရက်မှာ တော့ ဒုက္ခသည်စုစုပေါင်းဟာ ၅၃ ယောက် ရှိခဲ့ပါ တယ်။ အဲဒီနောက် သုံးရက်အကြာမှာတော့ အီတလီအစိုးရဟာ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၀ ဦးခန့်ကို ကျန်းမာ ရေးစောင့်ရှောက်ပေးဖို့အတွက် ကုန်းပေါ်တက်ခွင့် ပေးခဲ့ပါတယ်။ အဲဒီနောက် နောက်ထပ်ဒုက္ခသည် တစ်ဦးဟာလည်း ကျန်းမာရေးအခြေအနေ မကောင်းလို့ ကုန်းပေါ်တက်ခွင့် ရသွားပါတယ်။ Sea Watch 3 သင်္ဘောရေယာဉ်မှူးရဲ့ လုပ်ရပ် ကြောင့် အီတလီပြည်ထဲရေးဝန်ကြီး မက်တီရိုဆယ် ဗေနီ ဒေါသထွက်ရပါတယ်။ အီတလီပြည်ထဲရေး ဝန်ကြီးဟာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။ နိုင်ငံခြား အန်ဂျီအိုတွေဟာ အီတလီနိုင်ငံရဲ့ ဥပဒေကို မလိုက် နာတာကို ခွင့်ပြုမပေးနိုင်ဘူးလို့ အီတလီပြည်ထဲ ရေးဝန်ကြီးက ပြောပါတယ်။

 

သံတမန်ရေးရာအရ ဆွေးနွေး

 

ဒါတင်မကသေးပါဘူး။ အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီကလည်း Sea Watch 3 သင်္ဘော ရေယာဉ်မှူးရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန် ပြောကြားခဲ့ပါတယ်။ ဂျီ -၂၀ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောကြားခဲ့ တာပါ။ Sea Watch 3 သင်္ဘောမှာ ဒတ်ချ်အလံ လွှင့်ထူထားပြီး အခုဆိုရင် ဒတ်ချ်အစိုးရနဲ့ သံတမန် ရေးရာအရ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အီတလီဝန်ကြီးချုပ်က ပြောပါတယ်။ ကုန်းပေါ်တက် ဖို့ ခွင့်ပြုချက်ရရေး စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည် တွေအကြောင်းကို အီတလီ သတင်းစာတွေမှာ လည်း ဖော်ပြခဲ့ကြပါတယ်။ နောက်ပြီး လှေငယ် လေးတွေနဲ့ ထွက်ခွာလာကြတဲ့ဒုက္ခသည် ၃၀ဝ ခန့်ဟာလည်း လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ အီတလီနိုင်ငံ တောင်ပိုင်းကို ရောက်ရှိလာကြပါတယ်။

 

ဒဏ်ငွေချမှတ်နိုင်

 

အီတလီပြည်ထဲရေးဝန်ကြီးအသစ် ပြင်ဆင် ထားတဲ့ ဥပဒေအသစ်အရ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ကယ်ဆယ်ရေးလှေတွေ၊ သင်္ဘောတွေဟာ အီတလီအစိုးရရဲ့ ခွင့်ပြုချက် မရဘဲ အတင်းဝင်ရောက်လာမယ်ဆိုရင် လှေကို သိမ်းရုံသာမကပါဘူး။ ယူရို ၅၀ဝ၀ဝ အထိ ဒဏ်ငွေချမှတ် နိုင်ပါတယ်။

 

ကမ်းကပ်ခွင့်ပေးရေး တောင်းဆို

 

အခုဆိုရင်လည်း အီတလီအစိုးရဟာ Sea Watch 3 သင်္ဘောက အမှုထမ်းတွေကို တရားစွဲလို့ ရပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အားပေးအားမြှောက် ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲသွားလို့ ရပါတယ်။ ဇူလိုင် ၂၆ ရက်က အီတလီရဲအရာရှိတွေဟာ Sea Watch 3 သင်္ဘောက အမှုထမ်းတွေကို စစ်ဆေးခဲ့ပါတယ်။ အီတလီအစိုးရက ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး သဘောထားတင်းမာပေမယ့် ဒါကိုပဲ ကန့်ကွက်ကြသူတွေလည်း ရှိပါတယ်။ လမ်ပီဒူဆာ ကျွန်းက ဘုန်းတော်ကြီး ရိဗ်ကာမီလိုလာမာဂရာနဲ့ တချို့ဒေသခံတွေဟာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့သင်္ဘောကို ကမ်းကပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

 

အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ

 

Sea Watch 3 သင်္ဘောက အမှုထမ်း တစ်ဦးဖြစ်တဲ့ ဟိုင်ဒီဆာဒခ်ကတော့ သင်္ဘောပေါ် က ဒုက္ခသည်တွေအားလုံးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရသူတွေ၊ အများစုကတော့ ဆိုးဆိုး ရွားရွား ညှဉ်းပန်းနှိပ်စက်ခံရသူတွေလို့ ပြောပါ တယ်။ ပင်လယ်ပြင်မှာတွေ့ရတဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင် ပေးရမယ်လို့ သူက ဆက်ပြောပါတယ်။ Sea Watch 3 က ဒုက္ခသည်တွေကို တင်ဆောင်ပြီးတဲ့ အခါမှာ လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ဒီလူတွေကို လစ်ဗျားကို ပြန်ပို့မှာလားလို့ မေးမြန်းခဲ့ပါတယ်။ ထရီပိုလီမြို့က ဆိပ်ကမ်းဆီ ပြန်ပို့ပေးမလားဆိုပြီး မေးခဲ့တာပါ။ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ လစ်ဗျားနိုင်ငံ မှာ လုံခြုံစိတ်ချမှုရရှိမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

 

ထပ်မံစောင့်ဆိုင်းဖို့ မဖြစ်နိုင်

 

ဥရောပလူ့အခွင့်အရေးဆိုင်ရာ ခုံရုံးက လည်း ဒုက္ခသည်တွေ တင်ဆောင်လာတဲ့သင်္ဘော အီတလီမှာ ကမ်းကပ်ခွင့်ရရေး တောင်းဆိုမှုကို အခုသီတင်းပတ်အတွင်းမှာပဲ ပယ်ချခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းမှာတော့ သင်္ဘောကမ်း ကပ်ခွင့်ရရေး ဥရောပသမဂ္ဂကို ထပ်မံခွင့် တောင်းခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ သင်္ဘောပေါ်မှာပါလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေ အနေဟာ ဒီထက်ပိုပြီး စောင့်ဆိုင်းဖို့ မဖြစ်နိုင် တော့တာကြောင့် အီတလီရေပိုင်နက်အတွင်း အတင်းဝင်ရောက်ခဲ့ရတာပါလို့ ကယ်ဆယ်ရေး အဖွဲ့အစည်းက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့လို

 

အရေးပေါ်အခြေအနေလို့ ပြောကြားပြီး အီတလီရေပိုင်နက်ထဲ ဝင်ရောက်ခဲ့တာဖြစ်လို့ ဒါဟာ အီတလီအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို လက်တစ်လုံးခြား အသုံးချသွားတာပါ လို့ စစ္စလီမြို့ အခြေစိုက် ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ အထူးကျွမ်းကျင်သူ နီကိုလိုကန်စီယိုက ပြောပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပင်လယ်ပြင် မှာ လူတွေသေဆုံးမှာကို ထိုင်ကြည့်နေလို့ မရပါ ဘူး။ ဒါကြောင့် အရေးပေါ်အခြေအနေဆိုရင် စည်းမျဉ်းတွေလည်း ပြောင်းလဲသွားပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် အီတလီ နိုင်ငံကတော့ ကယ်ဆယ်ရေးသင်္ဘောတွေ ကမ်းကပ်တာကို မလိုချင်တဲ့အတွက် တင်းတင်း ကျပ်ကျပ်ကိုင်တွယ်ဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

 

ရှေ့ဆက်ဘာဖြစ်မယ်မသိနိုင်

 

လာမယ့်သီတင်းပတ်အတွင်း ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့ ဘယ်သူမှမသိ နိုင်ပါဘူး။ Sea Watch 3 သင်္ဘောက အမှုထမ်း တွေ ဒဏ်ရိုက်ခံရတာတွေ၊ တရားစွဲဆိုခံရတာမျိုး တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဥရောပကော်မရှင် ကတော့ အီတလီအစိုးရကို ဥရောပစည်းမျဉ်းတွေ အတိုင်း လျင်မြန်စွာ လုပ်ဆောင်သွားဖို့ တောင်းဆိုထားပါတယ်။ ဒီဒုက္ခသည်တွေအတွက် ဘာလုပ်ပေးရမလဲဆိုတာ အဖြေရှာဖို့ လူတွေကို သင်္ဘောပေါ်မှာ ဆက်မထားဘဲ ကုန်းပေါ်ကို အရင်ရွှေ့သင့်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ဥရောပမဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။ ဒီလူတွေအတွက် အမြန်ဆုံး အဖြေရှာပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်ပြောပါတယ်။

 

စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ

 

အီတလီမှာလည်း အစိုးရသစ် တက်ပြီးချိန် ကစလို့ လူဝင်မှုကြီးကြပ်ရေးကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။ အခုသင်္ဘောပေါ်မှာ ပါလာတဲ့ဒုက္ခသည် ၄၂ ယောက်အတွက် ဘယ်လိုဖြေရှင်း ပေးမလဲဆိုတဲ့ အချက်ဟာ အီတလီရဲ့ ဒုက္ခသည်တွေကို ဆန့်ကျင်တဲ့မူဝါဒမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ။

 

ကိုးကား- နယူးယောက်တိုင်းမ်၊ ဆင်ဟွာ