အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ ကလောမြို့နယ် စိမ်းလဲ့တောင်ကြား ဆင်စခန်းသို့ လေ့လာလည်ပတ်ပြီး ပြန်လည်ထွက်ခွာ

ကလော ၂၇  ဇန်နဝါရီ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့သို့ အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည် လေးဦးပါ စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကလောမြို့သို့ ရောက်ရှိခဲ့ပြီး စက်ဘီးစီးနှင်းခြင်းနှင့် အထင်ကရနေရာများ လေ့လာလည်ပတ်၍ GODEL LI LY ၌ တစ်ညတာ တည်းခိုအနားယူခဲ့ပြီး ယနေ့နံနက် ၈ နာရီခွဲအချိန် မော်တော်ယာဉ်ဖြင့် ကလောမြို့မှ ထွက်ခွာခဲ့ရာ စိမ်းလဲ့တောင်ကြားဆင်စခန်းသို့  ၉ နာရီခွဲအချိန်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စက်ဘီးစီးအဖွဲ့သည် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာအုပ်စု၊ မကွေကျေးရွာရှိ စိမ်းလဲ့တောင်ကြား ဆင်စခန်းသို့ရောက်ရှိခဲ့ရာ ဆင်စခန်းမှ ဦးထွန်းထွန်းဝင်းက ဆင်စခန်းနှင့် ဆင်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဆင်များအား အနီးကပ်လေ့လာခြင်း၊ ဆင်စာများကျွေးခြင်း၊ ဆင်များ၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့် ဆင်အစာပြုလုပ်ပုံတို့ကို လည်းကောင်း၊ ဆင်ချေးဖြင့် စက္ကူထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် ရရှိလာသည့်စက္ကူ အသုံးပြုမှုတို့ကိုလည်းကောင်း၊ ဆင်ခန္ဓာဖွဲ့စည်း တည်ဆောက်ပုံတို့ကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ရှင်းပြခဲ့ကြသည်။ ထို့နောက် စိမ်းလဲ့တောင်ကြားဆင်စခန်းမှ  မွန်းတဲ့ ၁၂ နာရီ ၁၀ မိနစ်အချိန် ထွက်ခွာခဲ့ရာ ကလောမြို့နယ် နန်းပန်တက်ကျေးရွာ တော်ဝင်ပုလဲနှင်းဆီ စားသောက်ဆိုင်တွင် နေ့လယ်စာသုံးဆောင်ခဲ့ပြီး ကလောမြို့နယ်မှ သာစည်မြို့နယ်သို မွန်းလွဲ ၁ နာရီခွဲအချိန် ပြန်လည်ထွက်ခွာသွားခဲ့သည်။

 

စက်ဘီးစီးအဖွဲ့အား ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ကလောမြို့နယ် ကမ္ဘာလည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့များ အတူလိုက်ပါ၍ အနီးကပ်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း (ပြန်/ဆက်)