အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးစည်းမျဉ်းအရ ပါတီပွဲများ မကျင်းပရ

၁၃ အောက်တိုဘာ

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာတဲ့အတွက် ထိန်းချုပ်ရေး စည်းမျဉ်းသစ်တွေကို ဒီနေ့ (အင်္ဂါနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစည်းမျဉ်းအရ ပါတီပွဲတွေ၊ အပျော်တမ်း ဘောလုံးပွဲတွေနဲ့ ဘားတွေမှာ ညပိုင်းအချိန် စုဝေးခြင်းတွေပါ တားမြစ်လိုက်ပါတယ်။ 

အခုစည်းမျဉ်းဟာ ရက်ပေါင်း ၃၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ ည ၉ နာရီနောက်ပိုင်း ဆိုင်ထိုင် စားသောက်ခွင့် မရှိကြောင်း ပါရှိပါတယ်။ 

သမ္မတကွန်တီ လက်မှတ်ရေးထိုးထားတဲ့ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးစည်းမျဉ်းမှာ အဆောက်အအုံ အတွင်း၊ အပြင်နဲ့ နေအိမ်တွေမှာ ပါတီတွေ မကျင်းပရေးနဲ့ လူ ၆ ဦးထက်ပိုပြီး စုဝေးခြင်းမလုပ်ရန်၊ အပျော်တမ်း ဘောလုံးကန်ခြင်း၊ ဘတ်စကတ်ဘော ကစားခြင်းတွေအပြင် ကျောင်းတွေရဲ့ လေ့လာရေးခရီးတွေပါ တားမြစ်ထားကြောင်း သိရပါတယ်။ 

လက်ထပ်မင်္ဂလာပွဲ၊ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နှစ်ခြင်းခံယူခြင်း စတဲ့ ဘာသာရေးပွဲတွေမှာ လူ ၃၀ ထက်ပိုပြီး တက်ရောက်ခွင့် မရှိကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး လူမြင်ကွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရေးဟာလည်း စည်းမျဉ်း စည်းကမ်းတစ်ခု ဖြစ်လာပါတယ်။ အသစ်ထွက်လာတဲ့ စည်းမျဉ်းမှာ မိမိတို့ နေအိမ်တွေကို  ကိစ္စကြီးငယ်ကြောင့် လူစိမ်းတွေ လာရောက်ခဲ့ရင် မျက်နှာဖုံး ဝတ်ဆင်ထားရန်လည်း ပါရှိပါတယ်။ 

နိုင်ငံအတွင်းရှိ ခေတ်ပေါ်တေးဂီတကပွဲတွေ ဆက်လက်ပိတ်ထားပေမယ့် ကုန်စည်ပြပွဲတွေ၊ ဖျော်ဖြေရေးပွဲတွေနဲ့ တခြားသော လူစုလူဝေးလုပ်ခြင်းကို လူဦးရေကန့်သတ်မှုနဲ့ ခွင့်ပြုထားပါတယ်။ 

တနင်္လာနေ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄,၆၁၉ ဦးရှိတဲ့အတွက် အိမ်နီးချင်း စပိန်နဲ့ ပြင်သစ်တို့ထက် ပိုးတွေ့လူနာ နည်းနေတာကို တွေ့ရပါတယ်။ 

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၆,၂၀၅ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

MDN
ကိုးကား - AFP