အိမ်မဲ​မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အိမ်မဲ မတ် ၂၇

 

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို   အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင်   ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက် ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် မတ် ၂၆ ရက် နံနက် ၁၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ရွှေညီလာခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

 

ဟောပြောပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက် ဦးစီးမှူးက “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒေါ်အိအိမျိုးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ကိုယ်စား အလယ်တန်းပြဆရာမ ဒေါ်စန်းယုရွှေက “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

 

ဟောပြောပွဲသို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းသားကျောင်းသူ ၁၆၀ ခန့် တက်ရာက်ခဲ့ကြပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများထံ ဖြန့်ဝေပေးကာ နံရံကပ်စာစောင် ဓာတ်ပုံများပြသထားရှိမှုအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

 

ချစ်သက်လယ်(အိမ်မဲ)