အိမ်မဲမြို့၊ လေးမျက်နှာမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့တွင် မိုးကြိုးပစ်ခံရ၍ (၃)ဦးသေ၊ (၄)ဦးဒဏ်ရာရ

နေပြည်တော် ၂၁ မေ

မေ ၂၀ ရက် ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ညောင်ပင်စုကျေးရွာနေ အောင်စိုး (၃၅)နှစ်သည် စပါးစိုက်ရန်အတွက် လယ်ကန်သင်းများ ပိတ်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့ရာ နှာခေါင်း၊ ဝဲပါး၊ လက်မောင်း၊ ဝဲခါးစောင်း ပွန်းပဲ့ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သဖြင့် အိမ်မဲမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း။

အလားတူ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာနေ အောင်ကိုချစ် (၁၄)နှစ်ပါ (၄)ဦးတို့သည် အဆိုပါကျေးရွာအနီး လယ်ကွင်း၌ စပါးကျဲနေစဉ် မိုးကြိုးပစ်ခတ်ခဲ့ရာ အောင်ကိုချစ်တွင် ဝဲရင်အုံညိုမဲဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးသန်းထွန်း (၅၆)နှစ်ပါ (၃)ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် လေးမျက်နှာပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အောင်ကိုချစ် သေဆုံးမှုအား အိုင်သပြုနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ မေ ၂၀ ရက် ည ၆ နာရီခွဲခန့်က လှိုင်းဘွဲမြို့နယ်၊ ကော့စိန်ချောင်းဝကျေးရွာနေ မောင်လူကူး(၄၅)နှစ်နှင့် ဦးသာအောင် (၆၄)နှစ်တို့(၂)ဦးသည် မောင်လူကူး၏ နေအိမ်ခေါင်မိုးအား ပြုပြင်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့ရာ မောင်လူကူးတွင် ရင်ဘတ်၊ ဝဲခါးရိုး၊ ကျောကုန်း ညိုမဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးသာအောင်တွင် ကျောကုန်း ညိုမဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဂွန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မောင်လူကူး သေဆုံးမှုအား ရွှေဂွန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN