အိမ်မဲမြို့နယ် တောင်စုကျေးရွာတွင် ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်လာသူများ၏ ရင်တွင်းစကားသံများ

အိမ်မဲ  ၂   မတ် 

 

ဦးလှမိုးအောင် (ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်)

 

ဧရာဝတီတိုင်းဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့အတွက် တောင်သူတွေရဲ့မြေတွေကို စစ်ပေးတယ်။ သူတို့ လုပ်တဲ့အခါမှာ ဘယ်လောက်ထွက်တယ် တစ်တိုင်းလုံးသွားတဲ့အခါ တောင်သူတွေ စိုက်မြေတွေ အထွက်တိုးလာတာကို တွေ့ရပါတယ်။ ဒီလိုစနစ်တကျ လုပ်ရင်ဒီလိုဖြစ်ပါတယ်။ တောင်သူတွေဆီကနေပြီးတော့ ယုံကြည်မှုတွေ ယူရပါတယ်၊ တစ်နှစ်ကျော်အတွင်းမှာ တည်ဆောက်ပါတယ်။ ကျွန်တော်လိုချင်တဲ့ စိုက်ပျိုးရေး မော်ဒယ်အမျိုးအစားကို တောင်သူဆီ ခေါ်ဆောင်သွားလို့ရပါတယ်။ ဒီပွဲမှာ တကယ်လုပ်တဲ့တောင်သူကို ဆုပေးချင်တာရယ် ဆုချီးမြှင့်ချင်တာရယ် အဲလိုဆုချီးမြှင့်တော့ တောင်သူတွေ အားကျပြီးတော့ ကိုယ့်နေရာ ကိုယ့်ဒေသမှာ လုပ်ချင်လာအောင် အထွက်နှုန်းကောင်းအောင်၊ အရည်အသွေးကောင်းအောင် နည်းပညာတွေကောင်းတော့မှ နိုင်ငံခြားကို တင်ပို့နိုင်မှာဖြစ်ပါတယ်။ 

 

ဦးကျော်လင်းမောင်(မြောင်းမြခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး)

ဝန်ထမ်းထူးချွန်ဆု

 

ကျွန်တော်ကတော့ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနက လက်ထောက်ဦးစီးမှူး ဦးကျော်လင်းမောင်ဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့မှာ ဆုပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဆုပေးတဲ့အခါမှာ တောင်သူတွေရောထူးချွန်တဲ့ တောင်သူတွေပါ ဆုပေးတဲ့အတွက် အင်မတန်မှ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကလည်း ထူးချွန်တဲ့ ဝန်ထမ်းထဲမှာ ပါတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တောင်သူလယ်သမားနေ့ကို ကျင်းပပေးတဲ့ တာဝန်ရှိသူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စုတောင်စု ကျေးရွာမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့အတွက် အတွေ့အကြုံရရှိသလို ဂုဏ်ယူဝမ်းသာမိပါတယ်။

 

ဦးရွှေပွား(တောင်သူထူးချွန်ဆု)

 

ကျွန်တော်ကတော့ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာမှ တောင်သူဦးရွှေပွားဖြစ်ပါတယ်။ ခုလိုနှစ်ပေါင်း များစွာကြာပြီးမှ တောင်သူလယ်သမားနေ့ကို ပြုလုပ်ကျင်းပပေးတဲ့အတွက် တောင်သူများ ကိုယ်စားအထူးပဲကျေးဇူးတင်ပါတယ်။ ထူးချွန်တောင်သူများနဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနဲ့  နည်းမှန်လမ်းမှန်ပြုလုပ်တဲ့အတွက် ဒီဆုကိုရခဲ့ခြင်း ဖြစ်ပါတယ်။

 

ဦးမောင်မောင်အေး

 

ကျွန်တော့် နာမည်ကတော့ ဦးမောင်မောင်အေးဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ အခမ်းအနားကို တက်ရောက်ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ပါတယ်။ ဒီနှစ်က ရွာသစ်ကျေးရွာမှာ ပထမဆုံးလုပ်တဲ့ ပွဲဖြစ်တဲ့အတွက် တောင်သူများကိုယ်စား ဂုဏ်ယူလို့မဆုံးပါဘူး။ တောင်သူလယ်သမားတွေကို အခုလိုဆုချီးမြှင့်ပေးတဲ့အတွက် အမြင်နဲ့တင် ဝမ်းသာပီတိဖြစ်ရပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပွဲမျိုးပြုလုပ်ပေးစေချင်ပါတယ်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)