အိမ်မဲ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာ၌ စိမ်းလဲ့မြေသမဝါယမစိုက်ပျိုးရေးအသင်းသားများ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ မြေပဲဧက ၅၀ အား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီခွဲက လာရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စိမ်းလဲ့မြေသမဝါယမ စိုက်ပျိုးရေးအသင်းသားများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈၆ ဘီလီယံမှ တစ်ဧကလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် ညီမျှသော ဓာတ်မြေသြဇာများ ပံ့ပိုးပေးခြင်းနှင့် မြေပဲစိုက်ပျိုးသည့်အကြောင်းအရာများကို ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ အဆိုပါ ဆီထွက်သီးနှံ မြေပဲဧက ၅၀ ၏ မျိုးမှာ စပိန်မျိုးဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးအပတ်တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)


