ဒေါက်တာ ဇင်ဇေယျာဝင်း

အိမ်မွေးတိရစ္ဆာန်နှင့် ကလေးများ

လူတွေဟာ အိမ်မွေးတိရစ္ဆာန်တွေကို သနားချစ်ခင်တာကြောင့် မွေးမြူကြသလို အဖော်ပြုဖို့၊ စိတ်အပန်းဖြေဖို့၊ မိမိကိုအကာအကွယ်ပေးနိုင်ဖို့ စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့လည်း မွေးမြူကြပါတယ်။ အဲဒီ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ လူတွေနဲ့အနီးစပ်ဆုံးကတော့ ခွေးနဲ့ ကြောင်တွေဖြစ်ပြီး အဲဒီအိမ်မွေးတိရစ္ဆာန်တွေဟာ ကလေးတော်တော်များများရဲ့ ဘဝအစိတ်အပိုင်းလို ရှိနေတတ်ပါတယ်။ အဲဒီလို အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းကြောင့် ကလေးတွေအတွက် ထိခိုက်မှုမရှိအောင်၊ တတ်နိုင်သမျှ အကျိုးရှိနိုင်အောင် မိဘတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်မှု၊ ကလေးတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်မှု၏ အကျိုးကျေးဇူးများ

သုတေသနတွေ့ရှိချက်တွေအရ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်တဲ့ မိသားစုက ကလေးတွေဟာ အိမ်မွေးတိရစ္ဆာန်မရှိတဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေးပိုမိုကောင်းမွန်ပြီး ရွင်လန်းတက်ကြွမှုပိုများတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ခံစားချက်၊ အပြုအမူနဲ့ သင်ယူမှု စွမ်းရည်တို့မှာ ပိုပြီးဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ဆိုပါတယ်။ ကလေးတွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်တွေအပေါ် ချစ်ခင်ကြင်နာစွာ ဆက်ဆံခြင်းအားဖြင့် လူအချင်းချင်းဆက်ဆံရာမှာ နားလည်မှု၊ ကိုယ်ချင်းစာမှုတွေရရှိနိုင်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေဟာ ကလေးတွေ အတွက် အောက်ပါအကျိုးကျေးဇူးတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်-

-        အိမ်မွေးတိရစ္ဆာန်တွေဟာ ကလေးတွေအတွက် တစ်ကိုယ်ရေ အတွေးအမြင်တွေ၊ ခံစားချက်တွေကို စိတ်ချလက်ချ ဖွင့်ဟတိုင်တည်စရာ မိတ်ဆွေတွေဖြစ်နိုင်ပါတယ်။

-        ကလေးငယ်တွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဂရုစိုက်ရာမှတစ်ဆင့် တာဝန်ယူတတ်တဲ့စိတ်ဓာတ်တွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။

-        အိမ်မွေးတိရစ္ဆာန်တွေမှတစ်ဆင့် ကလေးတွေဟာ သဘာဝတရားကို နားလည်အောင်၊ လူသားတွေအပြင် တခြားသက်ရှိတွေကိုပါ ချစ်ခင်တတ်အောင်သင်ယူနိုင်ပါတယ်။

-        ကလေးတွေအတွက် သူတို့ချစ်ခင်ရတဲ့ အိမ်မွေးတိရစ္ဆာန်ဆုံးရှုံးခြင်းဟာ ဘဝမှာ သေခြင်းတရားကို ပထမဆုံးကြုံတွေ့ နားလည်ရတာ ဖြစ်တတ်ပါတယ်။ ဒီအတွေ့အကြုံဟာ မပြောပလောက်ဘူး ထင်ရနိုင်ပေမယ့် ဘဝမှာ မလွဲမသွေ ကြုံရမယ့်ဆွေမျိုး မိဘ၊ မောင်နှမဆုံးရှုံးမှုတွေကို ရင်ဆိုင်နိုင်ဖို့ အဖိုးမဖြတ်နိုင်တဲ့ နားလည်လက်ခံနိုင်မှုအခြေခံကို ပေးနိုင် ကြောင်း သိရှိရပါတယ်။

အိမ်မွေးတိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ

အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျမွေးမြူမယ်ဆိုရင် ကလေးတွေအတွက် အကျိုးကျေးဇူးတွေရှိနိုင်ပေမယ့် ကျန်းမာရေးအသိမရှိ၊ ဂရုတစိုက် မမွေးမြူဘူးဆိုရင်တော့ သူတို့တွေကတစ်ဆင့် ရောဂါအမျိုးမျိုးကူးစက်နိုင်ပါတယ်။ အဲဒီထဲမှာ အသက်အန္တရာယ်အပေး နိုင်ဆုံးကတော့ ခွေးရူးပြန်ရောဂါဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ ရောဂါရှိတဲ့ ခွေး၊ ကြောင်အကိုက်ခံရတာ၊ အကုတ်ခြစ်ခံရတာတွေကနေ အများဆုံးကူးစက်နိုင်ပြီး ရောဂါရှိတဲ့သတ္တဝါရဲ့ တံတွေးနဲ့ လူရဲ့ထိခိုက်ဒဏ်ရာ ထိတွေ့ရာမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

အူရောင်ငန်းဖျားရောဂါဖြစ်စေတတ်တဲ့ ဗက်တီးရီးယားပိုးတွေလည်း တိရစ္ဆာန်တွေရဲ့ အညစ်အကြေးကိုထိတွေ့ရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ Cryptosporidium လို့ခေါ်တဲ့ ကပ်ပါးကောင်တွေ၊ Echinococcus multilocularis နဲ့ Echinococcus granulosus အမည်ရှိတဲ့ တုတ်ပြားကောင်တွေပါပါတယ်။ ဒီကပ်ပါးကောင်တွေ၊ တုတ်ပြားကောင်တွေရှိနေတဲ့ ခွေးတို့၊ ကြောင်တို့ရဲ့ အညစ်အကြေး၊ ဒါမှမဟုတ် အညစ်အကြေးနဲ့ ပေကျံနေတဲ့ခန္ဓာကိုယ်၊ အမွေးတွေနဲ့ ထိတွေ့မိရာကနေ လူကိုရောဂါကူးစက်နိုင်ပါတယ်။

တိရစ္ဆာန်တွေရဲ့ဆံပင်၊ သွားရည်တံတွေးတွေကြောင့် ကလေးတွေမှာ ဓာတ်မတည့်တဲ့ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်ပါတယ်။ အလားတူပဲ Microsporum canis အမည်ရှိပြီး ခွေးတွေမှာ အရေပြားရောဂါဖြစ်စေတဲ့ မှိုတစ်မျိုးလည်း လူကိုကူးစက်နိုင်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေမှာ တွယ်ကပ်ပေါက်ပွားလေ့ရှိတဲ့သန်းတွေ၊ မွှားတွေ၊ လှေးတွေကလည်း လူကိုကူးစက်နိုင်ပါတယ်။

နောက်ထပ်ရောဂါတစ်ခုကတော့ ကြောင်တွေရဲ့ မစင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ Toxoplasmosis အမည်ရှိရောဂါဖြစ်ပါတယ်။ ပိုပြီး ဂရုစိုက်ရမှာကတော့ ပုံမှန်အိမ်မွေးတိရစ္ဆာန်မဟုတ်တဲ့ တောရိုင်း တိရစ္ဆာန်တွေဖြစ်ပါတယ်။ အဲဒီအကောင်တွေဟာ ပိုပြီးအန္တရာယ်ရှိတဲ့ ရောဂါတွေကို သယ်ဆောင်နိုင်တာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို မထိဖို့နဲ့ အိမ်ကိုယူမလာဖို့ သင်ကြားပေးရပါမယ်။

အိမ်မွေးတိရစ္ဆာန်များကို ရွေးချယ်မွေးမြူခြင်း

အိမ်မွေးတိရစ္ဆာန်ရွေးချယ်ရာမှာ မိသားစုရဲ့နေထိုင်မှုပုံစံ၊ အချိန်ပေးနိုင်မှု၊ နေရာလွတ်အကျယ်အဝန်းတွေအပြင် ကလေးရဲ့အသက်၊ ကျန်းမာရေးအခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေနဲ့ကိုက်ညီဖို့ အလွန်အရေးကြီးပါတယ်။ ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံ ရေးက အဓိကဖြစ်တာမို့ အသက် ၅ နှစ်အောက်ကလေးရှိရင် တွားသွား သတ္တဝါတွေလိုမျိုး အန္တရာယ်ရှိနိုင်တဲ့ တိရစ္ဆာန်တွေကို မရွေးချယ်သင့်ပါ။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်ကို ယုံကြည်စိတ်ချရတဲ့သူ သို့မဟုတ် မွေးမြူရေးခြံကသာရယူသင့်ပြီး အိမ်ကိုမယူလာခင် ကျန်းမာရေးကောင်း/မကောင်း၊ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်နိုင်မှုရှိ/မရှိ နဲ့ အပြုအမူတွေမူမှန်/မမှန် စတာတွေကို သေချာစစ်ဆေးရပါမယ်။ ကာကွယ်ဆေးထိုးမှတ်တမ်းတွေနဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေ ပြည့်စုံသလားဆိုတာလည်း စစ်ဆေးရပါမယ်။ အထူးသဖြင့် ခွေးတွေ ကိုရွေးချယ်တဲ့အခါ မျိုးရိုးအလိုက် အရွယ်အစားကြီးတာ၊ ခွန်အားကြီးတာ သို့မဟုတ် ရန်လိုတတ်တာတွေကြောင့် အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ပိုသတိထားစဉ်းစားဖို့လိုပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဘေးကင်းလုံခြုံရေးကို အမြဲတမ်းဦးစားပေး စဉ်းစားပြီး သင့်တော်တဲ့ အိမ်မွေးတိရစ္ဆာန်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်များကို စနစ်တကျ မွေးမြူစောင့်ရှောက်ခြင်း

အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စနစ်တကျမွေးမြူစောင့်ရှောက်နိုင်ဖို့ အောက်ပါလမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုပါတယ် -

-        အလွန်ငယ်တဲ့ကလေးတွေ (အသက် ၃ နှစ်မှ ၃ နှစ်အောက်) အနီးအနားမှာ အိမ်မွေးတိရစ္ဆာန်တွေရှိတိုင်း အမြဲတမ်း စောင့်ကြည့်နေသင့်ပါတယ်။

-        ကလေးက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စောင့်ရှောက်နိုင်တဲ့ အရွယ်ရောက်နေရင်တောင် မိဘတွေက ကြီးကြပ်ရပါမယ်။

-        ကလေးက အိမ်မွေးတိရစ္ဆာန်ကို မွေးမြူစောင့်ရှောက်ရာမှာ အားနည်းလာရင် မိဘတွေက တာဝန်ယူရပါမယ်။

-        အိမ်မွေးတိရစ္ဆာန်တွေဟာလည်း အစားအစာ၊ ရေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့လိုကြောင်း ကလေးတွေကို နူးညံ့သိမ်မွေ့စွာ သတိပေးရပါမယ်။

-        တကယ်လို့ ကလေးဟာ သူမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်ကို လျစ်လျူရှုနေရင်၊ တခြားဂရုစိုက်မွေးမြူမယ့် ပိုင်ရှင်အသစ် တစ်ယောက်ရှာဖို့ လိုမှာဖြစ်ပါတယ်။

-        မိဘတွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်မွေးမြူစောင့်ရှောက်တဲ့နေရာမှာ တာဝန်ယူတတ်သူ စံပြပုဂ္ဂိုလ်အဖြစ်ပြုမူပြသရပါမယ်။ ဒါမှသာ ကလေးတွေအနေနဲ့ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်များနှင့် ဘေးကင်းပျော်ရွင်စွာနေထိုင်ခြင်း  

အဓိက အရေးကြီးတဲ့အချက်ကတော့ အိမ်မွေးတိရစ္ဆာန်တွေ၊ သူတို့ရဲ့အစားအစာတွေ၊ အစာနဲ့ ရေထည့်တဲ့ခွက်တွေ၊ နေရာထိုင်ခင်း တွေနဲ့ ထိတွေ့ပြီးရင် ကလေးတွေကို အမြဲလက်ဆေးကြောခိုင်းဖို့ လိုပါတယ်။ ကလေးငယ်အနေနဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စောင့်ရှောက်မွေးမြူနိုင်ဖို့ အနည်းဆုံးအသက် ၅ နှစ်မှ ၆ နှစ် လောက် မှ စတင်ခွင့်ပြုသင့်ပါတယ်။ မိမိတို့ကလေးတွေ အိမ်မွေးတိရစ္ဆာန်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းနိုင်ဖို့ အောက်ပါအကြံပြုချက်တွေကို လိုက်နာသင့်ပါတယ်။

-        အိမ်မွေးတိရစ္ဆာန်တွေကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာနဲ့ ဘယ်အချိန်မှာ သူတို့စားဖို့၊ အိပ်ဖို့ နေရာထိုင်ခင်းပေးသင့် တယ်ဆိုတာကို ကလေးကိုသင်ပေးပါ။

-        ကလေးအနေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကြင်နာစွာဆက်ဆံပါစေ၊ လှောင်ပြောင်ရန်စတာ၊ နာကျင်စေတာတွေလုပ်မယ်ဆိုရင် အကိုက်ခံ၊ အကုတ်ခံရနိုင်တယ်ဆိုတာ သတိပေးရှင်းပြ ထားရပါမယ်။

-        ဘယ်တော့မှ ကလေးငယ်ကို အိမ်မွေးတိရစ္ဆာန်နဲ့ မထားခဲ့ပါနဲ့။

-        တိရစ္ဆာန်တွေကို ကလေးရဲ့အိပ်ရာအိပ်ခန်းထဲ ဝင်ခွင့်မပေးသင့်ပါ။

-        ကလေးငယ်တွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်ကို ထိတွေ့ကိုင်တွယ်ပြီးနောက်မှာ လက်တွေကို အမြဲတမ်းသေချာ ဆေးကြောဖို့ သတိပေးပါ။

-        အိမ်မွေးတိရစ္ဆာန်တွေ အထူးသဖြင့် ကြောင်နဲ့ခွေးတွေကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး အမြဲထိုးပါ။

-        အိမ်မွေးတိရစ္ဆာန် နာမကျန်းဖြစ်တာ ဒါမှမဟုတ် အပြုအမူ ပြောင်းလဲတာတွေတွေ့ရင် တိရစ္ဆာန်ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ နာမကျန်းဖြစ်နေတဲ့တိရစ္ဆာန်ကို ကလေးတွေနဲ့ ဝေးဝေးထားပါ။

-        ကလေးကို အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင် အကိုက်ခံရ၊ အကုတ်ခံရရင် မပေါ့ဆသင့်ပါ။ အထူးသဖြင့် ဒဏ်ရာက သွေးထွက်နေရင် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက် ပြသပါ။ ဒီလိုစည်းကမ်းနည်းလမ်းတွေကို သေချာလိုက်နာ လုပ်ဆောင်နိုင်မယ်ဆိုရင် မိမိတို့ကလေးငယ်တွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘေးကင်းလုံခြုံစွာ မွေးမြူနိုင် မှာဖြစ်ကြောင်း အသိပေးရေးသားလိုက်ပါတယ်။ ။