အိမ်နောက်ဖေး စျေးဆိုင်တည်ပါ

ဒေါက်တာဝဏ္ဏထွန်း (ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန)

 

အိမ်ခြံဝင်းအတွင်း သီးနှံများတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများအား ဝါသနာအရ ပြုစုစောင့်ရှောက်ခြင်းသည် လူသားများ၏ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်မှုအတွက် များစွာ အထောက်အပံ့ပြုကြောင်း သိရှိလာကြပြီဖြစ်သည်။ထို့ပြင် အိမ်နောက်ဖေးစျေးဆိုင်တည်ဆိုသည့် ဆိုရိုးအတိုင်း မိသားစု ၏ နေ့စဉ်ကုန်ကျစရိတ်ကို ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် လျှော့ချနိုင်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လတ်ဆတ်သည့် သီးနှံများအား ဘေးကင်းစွာ စားသုံးရ ခြင်းနှင့် အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို မိသားစုဝင်များအားလုံး ရရှိမည်ဖြစ်သည်။

လူသားများကျန်းမာရေးအတွက် အာဟာရများစွာကြွယ်ဝသည့် အစားအစာမျိုးစုံ နေ့စဉ်စားသုံးပေးရန်လိုအပ်သည်။ သို့မှသာ ခန္ဓာကိုယ် ဖွံ့ဖြိုးကြံ့ခိုင်ခြင်း၊ ရောဂါကပ်ဆိုးများမှ ကျော်လွန်နိုင်ခြင်း၊ မိသားစုနှင့် အများကောင်းအတွက် စွမ်းဆောင်နိုင်ခြင်းစသည့် အကျေးဇူးများ ရရှိမည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များတွင် သတ္တုဓာတ်၊ ဗီတာမင် သက်စောင့်ဓာတ်များ၊ အမျှင်ဓာတ်နှင့် လူတို့အတွက်အကျိုးပြုသော အပင် ထွက် ဓာတုဗေဒ ဓာတ်ပေါင်းများပါဝင်သည်။ ထို့ကြောင့် အဆိုပါအစား အစာများအား လိုအပ်သည့်အချိန်တွင် အလွယ်တကူလက်လှမ်းမီစွာ ရရှိနိုင်ရန် လိုအပ်သကဲ့သို့ ကုန်ကျစရိတ်သက်သာခြင်း၊ အစားအစာများ၌ ဓာတုဆေး အကြွင်းအကျန်များနှင့် အီကိုလိုင်းကဲ့သို့ ရောဂါဖြစ်စေသည့် အဏုဇီဝများဖြင့် ညစ်ညမ်းနေခြင်းကဲ့သို့သော ဘေးအန္တရာယ်များကင်းရှင်းနေစေရန်လည်း အရေးကြီးသည်။

ထို့ကြောင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော သီးနှံများအား စိုက်ပျိုးထုတ် လုပ်ရာတွင် ဂရုတစိုက်မဆောင်ရွက်ပါက စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်၊ သိုလှောင်ချိန်၊ ထုပ်ပိုးချိန်၊ပို့ဆောင်ချိန်နှင့် စားသုံးသူများ လက်ဝယ်ရောက်ရှိ သည့်အချိန်အထိ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သော ညစ်ညမ်း မှုနှင့် အဆိပ်သင့်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် သယ်ယူပို့ဆောင်စဉ် စနစ်မကျခြင်း၊ခရီးဝေးကွာလွန်ခြင်းနှင့် ရာသီဥတုအခြေအနေတို့ကြောင့် လတ်ဆတ်မှုမရှိတော့ဘဲ အာဟာရဓာတ်များစွာ ဆုံးရှုံးလေ့ရှိသည်။

ထို့ကြောင့် မိမိတို့၌အိမ်ခြံဝင်းအတွင်း မြေလွတ်များရှိပါက သီးနှံများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများကို ခံစား ရရှိနိုင်မည်ဖြစ်သည်-

(က) စိတ်ချမ်းမြေ့ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်း၊ စိတ်ကျေနပ်မှုရှိခြင်း စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်စေခြင်း၊ စိတ်ဖိအား များခြင်းနှင့် အထီးကျန်မှုကိုဖြေဖျောက်ပေးနိုင်ခြင်း၊

( ခ ) မီးဖိုချောင်ကုန်ကျစရိတ် လျော့နည်းစေခြင်း၊

( ဂ ) မိသားစုဝင်ငွေရရှိစေခြင်း၊

(ဃ) လတ်လတ်ဆတ်ဆတ်ခူးဆွတ်စားသုံးရ၍ ဘေးကင်းပြီး အာဟာရ များပိုမိုရရှိခြင်း၊

(င) မိသားစုအားလပ်ချိန်တွင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ရင်းနှီး ချစ်ခင်မှု၊ နွေးထွေးမှု၊ ဆက်ဆံရေးတိုးတက်လာစေခြင်း၊

( စ ) ပိုလျှံသည့် သီးနှံများကို အိမ်နီးချင်းများနှင့် ဝေမျှစားသုံးနိုင်ခြင်း ဖြင့် ကောင်းမွန်သည့် အသိုက်အဝန်းတစ်ခုဖန်တီးနိုင်ခြင်း၊

(ဆ) မိမိစိုက်ပျိုးသည့် သီးနှံနှင့်ပတ်သက်၍ ရပ်ရွာအတွင်း အတွေ့အကြုံ များ ဖလှယ်ခြင်းနှင့် လူမှုရေးဝင်ဆံ့လာခြင်း၊

ယေဘုယျအားဖြင့် သီးနှံများစီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းကို အောက်ပါအချက်များဖြင့် ခွဲခြားနိုင်သည်-

- စိုက်ခင်းသည် အိမ်အနီးတွင်ရှိရမည်။ စိုက်ခင်းသည် အိမ်နောက်ဖေး တွင်ရှိလျှင် အိမ်သာ၊ အမှိုက်ပုံး၊ နွားတင်းကုပ်စသည့် သီးနှံများအား ညစ်ညမ်းစေနိုင်သည့် နေရာများနှင့် ဝေးကွာရမည်။

- မြေဧရိယာအားဖြင့် တစ်ဧကထက် နည်းရမည်။

- သီးနှံတစ်ခုထက်ပို၍ စိုက်ပျိုးရမည်။

- ရာသီအလိုက် သီးနှံပင်များဖြစ်ရမည်။

- မိသားစုလုပ်အားဖြင့် ဆောင်ရွက်လေ့ရှိရမည်။

- စက်ကိရိယာများသုံးရန်မလိုဘဲ မိသားစုဝင်များ၏ ခွန်အားဖြင့်သာ ဆောင်ရွက်ရမည်။ ပေါက်တူး၊ တူရွင်း၊ ထွန်ခြစ်တို့ကိုသာ သုံးလေ့ ရှိရမည်။

- အိမ်အတွင်းသုံးသည့် ရေကိုသာ စိုက်ခင်းတွင်းအသုံးပြုရမည်။ အိမ်ခြံဝင်းအတွင်း သီးနှံများစိုက်ပျိုးရာတွင် ယေဘုယျလိုက်နာသင့် သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

- စိုက်ပျိုးမြေသည် ရေကောင်းစွာ ထုတ်နိုင်၊သွင်းနိုင်သောမြေဖြစ် သင့်သည်။

- မိသားစုဝင်များ ဖြတ်သန်းသွားလာသည့် မာကြောသည့်လမ်းမြေ၊ ရေဝပ်နေသည့်မြေ၊ အဆိပ်သင့်စေနိုင်သည့် မြေများမဖြစ်စေရ။

- သဲနုန်းမြေသည် ရေထုတ်ရလွယ်ကူပြီး အလွယ်တကူလုပ်ကိုင်နိုင်သဖြင့် အကောင်းဆုံး ဖြစ်သည်။

- သီးနှံပင်ကြီးထွားမှုကောင်းရန်နှင့် အရည်အသွေးကောင်း ထွက်ကုန် ရရှိစေရန် ရေသွင်း/ ဖျန်းပေးရမည်။ အဓိကရေအရင်းအမြစ်အဖြစ် မိုးရေ၊တွင်းရေနှင့် ကန်ရေတို့ကို အသုံးပြုနိုင်သည်။

- အပင်များအတွက် နေရောင်ခြည်လုံလောက်သည့် နေရာဖြစ်ရမည်။ နေရောင်ခြည်အပြည့်အဝ ၊ တိုက်ရိုက်(သို့) တစ်စိတ်တစ်ပိုင်း ရရှိရ မည်။ အလင်းရောင်၊ အာဟာရဓာတ်များနှင့် ရေများကို သီးနှံပင် များအစား လုယူစားသုံးနိုင်သည့် အပင်ကြီးများနှင့် အလွန်နီးကပ် သည့် နေရာကို မရွေးချယ်ရ။

- အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပါက လေကာပင် များ(သို့မဟုတ်) ခြံစည်းရိုး အကာများ ပြုလုပ်ထားသင့်သည်။

အကယ်၍ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးမြေဧရိယာအနည်းငယ်သာ ရှိပါက ဟင်းသီးဟင်းရွက်များကို ပျိုးအိတ်၊ ပျိုးခွက်များဖြင့် စိုက်ပျိုးခြင်း၊ အဆင့်လိုက် စိုက်ပျိုးခြင်း၊ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း စသည့်နည်းစနစ် များဖြင့်လည်း စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးမည့်ဟင်းသီးဟင်းရွက်များအား ရွေးချယ်ရာတွင် မိသားစု အတွက်အမှန်တကယ် လိုအပ်သော ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်သော အာဟာရဓာတ်ပြည့်ဝသည့် ဟင်းသီးဟင်းရွက်အမျိုး အစားများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ စိုက်ပျိုးနိုင်သည့် ဟင်းသီးဟင်းရွက် အမျိုးအစားများမှာ-

(က) ရွက်စားဟင်းသီးဟင်းရွက်များ(ဟင်းနုနယ်၊ ကန်စွန်း၊ ဆလတ်၊ မုန်ညင်း)

( ခ ) အပွင့်စားဟင်းသီးဟင်းရွက်များ(ပန်းမုန်လာ၊ ဘရိုကိုလီ)

( ဂ ) အသီးစားဟင်းသီးဟင်းရွက်များ(ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ် သီး)

(ဃ) အမြစ်စားဟင်းသီးဟင်းရွက်များ(မုန်လာဥ၊ ခါကြက်ဥ)

( င ) ပင်စည်စားဟင်းသီးဟင်းရွက်များ(အာလူး၊ ဆလတ်ရိုး)စိုက်ပျိုး နည်းစနစ်တွင်လည်း တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင် စိုက်ပျိုး ခြင်းနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။

ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် ပိုးမွှားရောဂါကျရောက်မှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် သီးနှံအလှည့်ကျစိုက်ပျိုးနည်းစနစ်၊ သီးနှံရောနှော စိုက်ပျိုးခြင်း၊ မိတ်ဖက်အပင်များနှင့် ယှဉ်တွဲစိုက်ပျိုးခြင်း၊ ထောင်ချောက် ပင် စိုက်ပျိုးခြင်း (ဥပမာ-ဂေါ်ဖီထုပ်နှင့်မုန်ညင်း)၊ ဖျက်ပိုးကျရောက်မှုမှကာကွယ် ရန် ပိုးမွှားရောဂါတွန်းလှန်သတ္တိရှိသော အပင်များ(ပင်စိမ်း၊ စပါးလင်၊ ချစ်တီး ပန်းပင်)ကို စိုက်ခင်းပတ်လည်တွင် စိုက်ပျိုးပါ။ အပင်ထွက်ပိုး ရောဂါသတ် ဆေးများကို အသုံးပြုရမည်။ (ဥပမာ-တမာပိုးသတ်ဆေး)၊ ရောဂါဒဏ်ခံနိုင် ရည်ရှိသောမျိုးများကို စိုက်ပျိုးရမည်။

သဘာဝမြေသြဇာများကို အိမ်ခြံဝင်း၊ စိုက်ခင်းနှင့် စားဖိုဆောင်မှ စွန့်ပစ် ပစ္စည်းများကို အသုံးပြုပါ။ မြေဆွေးဖျော်ရည်၊ သဘာဝမြေသြဇာဖျော်ရည်၊ ငါးအမိုင်နိုအက်စစ်၊ ဒေသတွင်း အကျိုးပြု အဏုဇီဝပိုး မွေးမြူအသုံးပြုခြင်းများ ဆောင်ရွက်ရမည်။ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများနှင့် မြေဆွေးများကို ကောင်းစွာ ဆွေးမြည့်ချိန်မှသာ စိုက်ခင်းအတွင်း ထည့်သွင်းအသုံးပြုပါ။

အိမ်ခြံဝင်းအတွင်းရှိ စိုက်ပျိုးနိုင်သည့်မြေနေရာများတွင် လည်းကောင်း၊ မြေနေရာ အနည်းငယ်သာရှိသည့်နေရာများတွင်လည်း ပျိုးအိတ်၊ ပျိုးအိုး များဖြင့် စိုက်ပျိုးခြင်းကို ဖော်ပြပါ နည်းလမ်းများအတိုင်း မိသားစုနှင့်အတူစိုက်ပျိုးခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသော ဟင်းသီး ဟင်းရွက်များကို စားသုံးနိုင်မည်ဖြစ်ပါသည်။

ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်နိုင်ရေးအတွက် ခုခံအားကောင်းစေရန် အသားငါးနှင့် ဟင်းသီးဟင်းရွက်ကို မျှမျှတတ စားသုံးရန် လိုအပ်သည်။

ထို့ကြောင့် အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုး ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီး ဟင်း ရွက်များကို လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် အလွယ်တကူ လတ်လတ်ဆတ်ဆတ် ခူးယူစားသုံးနိုင်ခြင်း၊ အကြိမ်ကြိမ်ခူးဆွတ် စားသုံးနိုင် ခြင်း၊ စားဖိုဆောင်ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ မိမိ၏စိုက်ခင်း အစဉ်တစိုက်ကြည့်ရှု၍ စိတ်ကြည် ရွှင်လန်းပီတိ ခံစားရခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကို မိသားစုတိုင်းမဖြစ်မနေ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

 

မြန်မာ့အလင်း