အိမ်နီးချင်းနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်ပို့မှု အိန္ဒိယစတင်ဆောင်ရွက်

mdn

နယူးဒေလီ၊ ၂၀ ဇန်နဝါရီ 

အိန္ဒိယနိုင်ငံသည် ဘူတန်၊ မော်လ်ဒိုက်စ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနှင့် ဆီချီလီးစ်သမ္မတနိုင်ငံတို့ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အဓိကမိတ်ဖက်နိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်ပို့မှုကို ယနေ့မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား သည်။

အိန္ဒိယအစိုးရသည် ပြည်တွင်းထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်ပို့ပေးရန် နိုင်ငံအတော်များများမှ မေတ္တာရပ်ခံချက်ကို လက်ခံရရှိခဲ့သည်။ သို့သော် သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နှင့် မောရစ်ရှနိုင်ငံများအတွက်မူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်၍ ၎င်းတို့၏ လိုအပ်သောအတည်ပြုချက်ကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သည့်တရားဝင်ကြေညာချက်အရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်မှ စတင် ခဲ့ပြီး ထိုအချိန်မှ စ၍ ယနေ့နံနက်ပိုင်းအထိ ပြည်သူ ၆၇၄၈၃၅ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယအစိုးရသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြည်သူ ၂၂၀၇၈၆ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်း ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေး လိုအပ်မှုများအား ထိန်းသိမ်းခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လာမည့်သီတင်းပတ်များနှင့် လများအတွင်း မိတ်ဖက်နိုင်ငံများသို့ အဆင့်ဆင့် ဆက် လက်တင်ပို့ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ပြည်ပနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်ပို့နေစဉ် ပြည်တွင်းရှိ ကာကွယ်ဆေးထုတ် လုပ်သည့်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းကာကွယ်ဆေး လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် လုံလုံလောက် လောက် ထုတ်လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ထပ်မံဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ    Photo - jagranjosh.com       
ဘာသာပြန် - ဂျေတီ