အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ မနက်ဖြန် စတင်မည်

၉ စက်တင်ဘာ 


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီမှစတင်ကာ ရန်ကုန်မြို့ ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။


ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ကစားသမား ၁၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာကြက်တောင်အဖွဲ့မှာမူ ၁၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် တစ်ဦးချင်းအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ပြီး International Series ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုများစွာ ရယူဖူးသည့် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆီဒင်သတ်မှတ်ချက် (၁) ရရှိထားသည်။ ပြိုင်ပွဲပထမနေ့တွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲသာ ကျင်းပမည်ဖြစ်ပြီး  မြန်မာကစားသမားများအနက် ချမ်းဝင်းဦးနှင့် ဟောင်ပန်ဆန် (တရုတ်တိုင်ပေ)၊ မင်းထက်ကောင်းနှင့် မာနီဂန်ဒန် (အိန္ဒိယ)၊ အောင်မျိုးထူးနှင့် လင်ရိရှန် (မလေးရှား)၊ သူရိန်နှင့် ကောင်ချီခတ် (မလေးရှား)၊ ဘုန်းပြည့်နိုင်နှင့် ရှီရန်ရှာ (အိန္ဒိယ)၊ ဇော်လင်းထူးနှင့် ဟိုင်ကယ် (မလေးရှား)တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာကြက်တောင်ကစား သမားများသည် ပြိုင်ပွဲအမျိုးအစားငါးမျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


ပြိုင်ပွဲဝင်မည့် မြန်မာကြက်တောင်အသင်းတွင် အမျိုးသား-ချမ်းဝင်းဦး၊ အောင်မျိုးထူး၊ ဟိန်းစည်သူတိုး၊ မင်းထက်ကောင်း၊ ဘုန်းပြည့်နိုင်၊ သူရိန်၊ ဇော်လင်းထူး၊ အမျိုးသမီး-သက်ထားသူဇာ၊ ခိုင်သဉ္ဇာ၊ တွယ်တာဦး၊သင်းသင်းစံ၊ ရီရီလွင်နှင့် ဇွန်မျိုးသက်တို့ ပါဝင်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ပြည်ပပြိုင်ပွဲများ၌ အောင်မြင်မှုများရထားသည့် သက်ထားသူဇာသည် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်

 

DSC_35