အိမ်ထောင်စု လူဦးရေစာရင်းများ  e-ID စနစ်ဖြင့် စိစစ်တိုက်ဆိုင်ရေးသွင်းနေမှု ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ လူဦးရေနှင့် အိမ်ထောင်စုစာရင်းများကို မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း e-ID ရေးသွင်းဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့နှင့်အတူ မတ် ၁၇ ရက်တွင် လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများအား စိစစ်တိုက်ဆိုင်၍ e-ID စနစ်ဖြင့်  ဖြည့်စွက်/ ပြင်ဆင်ခြင်း၊ လဝက၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ စာရင်းများဖြင့် မှတ်တမ်းရယူအတည်ပြုခြင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် ၇ သိန်းကို ပေးအပ်သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ပန်းခင်းခန်းမတွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ယိမ်းအဖွဲ့ဝင်များ၏ အကလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေ ကျပ်နှစ်သိန်းကိုလည်းကောင်း၊ အဆိုပါရုံး၌ ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်း စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် ၅ သိန်းကိုလည်းကောင်း ပေးအပ်ခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)