အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော်  မေ ၁၇

အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို မိမိတို့ဌာနနှင့် ဆက်စပ်ဌာနများ၊ လုပ်အားပေးလူငယ်များ အင်အားဖြင့်  အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မေ ၁၆ ရက် နံနက်ပိုင်းက  ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားကတ်ကိုင်ဆောင် မဲပေးနိုင်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် နည်းပညာဖြင့် အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းသည်လည်း အရေးကြီးပါကြောင်း၊ ယခု နည်းပညာဆိုင်ရာ ဆောင်ရွက်မှုများသည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းကိုလည်း များစွာအထောက်အကူဖြစ်စေပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အချက်အလက်မှန်ကန်စေရန် ယခုကတည်းက စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ပြည်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား စနစ်တကျ ကြီးကြပ်ထိန်းသိမ်းရေး၊ ပြည်တွင်းနေ နိုင်ငံခြားသားများအား သတ်မှတ်အခွန်ဆောင်မှု ရှိစေရေးတို့အတွက် နည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိရာ နယ်မြေဒေသအလိုက် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖြည့်သွင်း၍ သတ်မှတ်ချိန်အတွင်း ပြုစုပေးပို့ကြရန်လိုကြောင်း။

မိမိတို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုတိုင်း၌ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် ပြည်သူများလိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ရှင်းလင်းချပြ အသိပေးဆောင်ရွက်ကြရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ကိုယ်တိုင်သိရှိ နားလည်သဘောပေါက်ပြီး လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ၍ အချင်းချင်း အပြန်အလှန်ဆက်စပ် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၏ ပံ့ပိုးကူညီမှုရရှိစေရန် လိုအပ်ချက်များကို အချိန်မီတင်ပြကြရန်လည်း လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီ ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ် စစ်ဆေးဆောင်ရွက်နေမှု၊ နိုင်ငံခြားသားများ စနစ်တကျ နေထိုင်သွားလာနိုင်ရေးအတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းတစ်ခုချင်းအပေါ် အားနည်းချက်၊ အားသာချက်များ၊ စာရွက်စာတမ်းများနှင့် အချက်အလက်များ လုံခြုံရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရေး အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်