အိမ်တွင်းအကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းတော့မည့် ပြင်သစ်နိုင်ငံ၏ လှုပ်ရှားမှုအသစ်များ

၂၇ နိုဝင်ဘာ

အိမ်တွင်းအကြမ်းဖက်မှုကို နှိမ်နင်းနိုင်ဖို့အတွက် ပြင်သစ်အစိုးရဟာ အရေးယူဆောင်ရွက်မှု အချို့ကို ထုတ်ဖော်ပြောကြားလာခဲ့ပါပြီ။ ပြင်သစ်နိုင်ငံအတွင်းမှာ အမျိုးသမီးတွေအကြမ်းဖက်ခံရမှု အရေအတွက် များလာတဲ့အပေါ် သတိထားမိမှုတွေဟာလည်း တစ်စတစ်စ မြင့်တက်လာနေပါတယ်။

ဆန္ဒပြပွဲပြုလုပ်

အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ လက်တွဲဖော်ကနေ အကြမ်းဖက်ခံနေရမှုကို ပိုမိုအကာ အကွယ်ပေးနိုင်ဖို့နဲ့ အကြမ်းဖက်ခံရမှုကို အမှုဖွင့်ကြဖို့ ရှေ့နေအုပ်စုတွေက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို ပါရီမြို့နဲ့ အခြားသော မြို့ကြီးတွေမှာ နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ လူပေါင်းထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ လက်ရှိလက်တွဲဖော် သို့မဟုတ် အရင် လက်တွဲဖော်အဟောင်းတွေရဲ့ လက်ချက်နဲ့ သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ဟာ ၁၂၁ ယောက်ထက်မနည်း ရှိလာတဲ့အတွက်ကြောင့် ဒီလိုမျိုးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့ကြတဲ့လူတွေဟာ ခရမ်းရောင်ကို ဝတ်ဆင်ခဲ့ကြပြီး အိမ်တွင်းအကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

ဥရောပမှာသေဆုံးမှုအမြင့်ဆုံး

ပြင်သစ်နိုင်ငံမှာဆိုရင် အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးရတဲ့အမျိုးသမီး အရေအတွက်က ဥရောပနိုင်ငံတွေကြားထဲမှာ အမြင့်ဆုံးပဲ ဖြစ်နေပါတယ်။ ယခင်လက်တွဲ ဖော်ဟောင်း သို့မဟုတ် လက်ရှိလက်တွဲဖော်ဟောင်းကြောင့် သေဆုံးရတဲ့အရေအတွက်ဟာ သုံးရက်မှာ တစ်ဦးနှုန်းဖြစ်နေတယ်လို့ အစိုးရရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး အခမ်းအနားနေ့မှာတော့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝက် ဖိလစ်ပီက တိတ်တိတ်ကလေး ပြီးဆုံးသွား တဲ့အိမ်တွင်းအကြမ်းဖက်ခံရမှုတွေအများကြီး ပဲဆိုပြီး ဖြေရှင်းဖို့ပျက်ကွက်ခဲ့တဲ့ ပြဿနာအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ တိတ်တိတ်ကလေး အသတ်ခံနေရပြီး ဒါမျိုးတွေလည်း ဆက်ဖြစ်နေတုန်းပဲလို့ ၎င်းကဆက်ပြောပါတယ်။

နည်းလမ်းအသစ်တွေပြုလုပ်မယ်

မစ္စတာဖိလစ်ပီက ပါရီမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအသစ်တွေပြုလုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ရှေ့နေတွေ၊ အရာရှိတွေ၊ အစိုးရအမှုစစ်တွေနဲ့ အဖွဲ့အစည်းတွေကြား လပေါင်းများစွာကြာ ဆွေးနွေးညှိနှိုင်းမှုအပြီး အခုလိုပြောကြားချက် ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

အသိပညာပေးသွားမယ်

လိင်ကွဲပြားမှုအပေါ်အခြေခံပြီး အကြမ်းဖက်ခံရမှုတွေကို စာသင်ကျောင်းတွေမှာ အသိပညာပေးမှုတွေ တိုးမြှင့်သွားမယ်လို့ မစ္စတာ ဖိလစ်ပီက ပြောပါတယ်။ နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေကို တိုင်ကြားနိုင်ဖို့ အရေးပေါ်လိုင်းတွေထားရှိတာ၊ ရဲစခန်းတွေမှာ လူမှုရေးလုပ်သားတွေ ထားရှိတာနဲ့ အကြမ်း ဖက်လေ့ရှိတဲ့လူကို နောက်ထပ်တစ်ခါ အကြမ်း ဖက်တာမျိုး မပြုလုပ်ဖို့ ကုသမှုတွေ လုပ်ဆောင် ပေးတာတွေတိုးမြှင့်ဖို့ အစိုးရက လုပ်ဆောင် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြင်သစ်နိုင်ငံမှာ ခန့်မှန်းခြေအားဖြင့် အသက် ၁၈ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသမီး ၂၁၉၀၀၀ ခန့်ဟာ အရင်လက်တွဲဖော်ဟောင်းတွေရဲ့ စိတ်ပိုင်ဆိုင်ရာအားဖြင့်သော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လည်းကောင်းခံနေရပါတယ်။ ဒါပေမယ့် တရားဝင်တိုင်ကြားတာကတော့ ၂၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ အစိုးရရဲ့ စာရင်းအချက်အလက်တွေက ပြသနေပါတယ်။ ။

ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်မယ်

အမျိုးသမီးတွေဟာ ကိုယ်ကာယ အကြမ်းဖက်ခံရမှုထက် စိတ်ပိုင်းဆိုင်ရာအရ ပစ်မှတ်ထားပြီး အကြမ်းဖက်ခံနေရတယ်လို့ မစ္စတာ ဖိလစ်ပီက ဆက်လက်ပြောကြားခဲ့ပါတယ်။ တရားဥပဒေအရ အကြမ်းဖက်မှု ကျူးလွန်သူရဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကို မူတည်ပြီး ကျူးလွန်ခံခဲ့ရသူကို အသိအမှတ်ပြုခံရတာကိုလည်း ပြောင်းလဲသွားမယ်လို့ ပြောခဲ့ပါတယ်။ အမျိုးသမီးတွေကိုလည်း မင်းတို့ဟာ ပြဿနာရဲ့ အရင်းအမြစ်မဟုတ်ပါဘူး၊ မင်းတို့ဟာ ကျူးလွန်ခံရသူတွေသာ ဖြစ်ပါတယ်လို့ ပြော နိုင်ဖို့အရေးတရားဥပဒေအတိုင်း ဆောင်ရွက်သွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အမျိုးသမီးတွေ မိမိကိုယ်ကို သေကြောင်းကြံစည်မှုအထိ ဖြစ်အောင်လုပ်တဲ့ လက်တွဲဖော်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ အစိုးရက ပြုလုပ်သွားမယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုမျိုးလုပ်ဆောင်မှုတွေအပြင် အကြမ်းဖက်ခံရသူတွေကို ကူညီပေးသွားနိုင်ဖို့ ဆရာဝန်တွေနဲ့လည်း လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဖိလစ်ပီကထပ်ပြေပါတယ်။

တူညီသောဇာတ်ကြောင်းများ

လူစီအန်ဒူဘီရဲ့ သမီးဖြစ်သူ ဂျူလီဟာ မတ်လအတွင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအတွက် ဂျူလီနဲ့ခပ်ခွာခွာဖြစ်နေတဲ့ ခင်ပွန်း ဖြစ်သူကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒီလိုမျိုး အမှုတွေမှာ ရဲတွေက ပိုပြီးအကူအညီပေးနိုင်ဖို့ လိုအပ်တယ်လို့ လူစီအန်က ပြောပါတယ်။ အခြားသော ထိခိုက်ခံစားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း အလားတူဇာတ်ကြောင်းတွေကိုသာ ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။ အမျိုးသမီးတွေဟာ တိုင်ချက်ဖွင့်ပေမယ့် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်တာမျိုး ဂရုတစိုက် နားထောင်ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။ ဂျူလီရဲ့ အမှုမှာလည်းဒီလိုပါပဲ။ သမီးဖြစ်သူ သေဆုံးသွားပြီး ၉ လတာအတွင်းမှာ ဘာမှပြောင်းလဲသွားတာမျိုး မရှိဘူးလို့ လူစီအန်က ပြောပါတယ်။

ဥပဒေသစ်မိတ်ဆက်

လွန်ခဲ့သည့်လအတွင်းက တရားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာတော့ လက်တွဲဖော်ရဲ့ အသတ်ခံရတဲ့ ထက်ဝက်နီးပါးသော လူတွေဟာရဲ့ဌာနဆီမှာ အမှုဖွင့်တိုင်ကြားတာ

တွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းဟာ တရားစွဲဆိုတဲ့ဆီ ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။ နှစ်လကြာ ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးမှာတော့ ဝန်ကြီးချုပ် ဖိလစ်ပီဟာ ရဲတွေကို ပိုပြီးလေ့ကျင့်မှုတွေ ပေးသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ အမျိုးသမီး နားခိုဖို့အတွက် အရေးပေါ်နေရာ ၁၀၀၀ ခန့်ကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ နောက်ပြီး ဥပဒေသစ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကို သတ်ခဲ့တဲ့လူဟာ ဖခင်အဖြစ်အုပ်ထိန်းခွင့်ကို အလိုအလျောက် ရုပ်သိမ်းခံရမှာပဲ ဖြစ်ပါတယ်။ လူစီအန်ကတော့ ဒီလိုမျိုးဆောင်ရွက်မှုကို ကြိုဆိုတယ်လို့ ပြောပါတယ်။ အခုဆိုရင် သူနဲ့ သူရဲ့ မြေးနှစ်ယောက်ကို စောင့်ရှောက်နေရတယ်လို့ ပြောပါတယ်။ ငွေကြေးပိုမိုသုံးစွဲစေချင်

ဒါပေမယ့်လည်း ကလေးတွေနဲ့အတူ ခရီး သွားဖို့၊ ကျောင်းအပ်ဖို့၊ ဆေးခန်းပြဖို့တွေမှာတော့ သူတို့သမီးကို သတ်ခဲ့တဲ့လူဆီကနေ ခွင့်ပြုချက် တောင်းခံနေရတယ်။ ဒါကြောင့် ဖခင်အဖြစ် အုပ်ထိန်းခွင့်ကနေ ရုပ်သိမ်းမယ်ဆိုတာကို လက်ခံကြိုဆိုတယ်လို့ပြောပါတယ်။ အစိုးရ ဘက်ကလည်းဒီဥပဒေကို ဇန်နဝါရီလအတွင်းမှာ အတည်ပြုသွားမယ်လို့ သိရပါတယ်။ အိမ် တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးနောက်ထပ် အငြင်းပွားစရာတစ်ခုကတော့ ငွေကြေးသုံးစွဲမှုပါပဲ။ နောက်နှစ်အတွင်းမှာ အစိုးရဟာ ယူရို သန်း ၃၆၀ ထိ သုံးစွဲပြီး အိမ်တွင်းအကြမ်းဖက် မှုတွေကို တိုက်ဖျက်ဖို့ပြုလုပ်သွားမယ်လို့ ပြောပါတယ်။ ရှေ့နေအုပ်စုတွေကိုတော့ ဒီထက်ပိုပြီး ငွေကြေးသုံးစွဲစေချင်ကြပါတယ်။ တစ်ဘီလီယံလောက် သုံးစွဲဖို့လိုချင်တာလို့ ဆန္ဒပြပွဲမှာ ပါဝင် ခဲ့ကြသူတွေက ပြောပါတယ်။ ဥပဒေအသစ် ပြဋ္ဌာန်းမှု၊ အရေးယူမှုအသစ်တွေအောက်မှာ ဥရောပမှာ အိမ်တွင်းအကြမ်းဖက်ခံရမှု အများဆုံးဖြစ်နေတဲ့ ပြင်သစ်နိုင်ငံကို ပြောင်းလဲလိုက် နိုင်ပြီဆိုရင် အမျိုးသမီးထုအားလုံးအတွက် ကျေနပ်ဝမ်းသာစရာ ဖြစ်မှာပါပဲ။ ။

ကိုးကား -ဘီဘီစီ၊ နယူးယောက်တိုင်းမ်

ခြူးစန္ဒီနွေး