အိန္ဒြာကျော်ဇင်ကို ပြောင်းလဲမှုဖြစ်သွားစေသည့် “ဒေါင်းနီ” ကာရိုက်တာ

ကိုလင်း

စာရေးဆရာမ “သျှင်မ” ရေးသားသောဝတ္ထုကို ဇာတ်လမ်းအဖြစ် ပုံဖော် ရိုက်ကူးထားသည့် “ဟစ်တိုင်” ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားတွင် အဓိကဇာတ်ဆောင် အဖြစ် အကယ်ဒမီ အိန္ဒြာကျော်ဇင် က ပါဝင် သရုပ်ဆောင်ထားပြီး ယင်းဇာတ်ကားသည် သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် အဓိကထား ရိုက်ကူးထားသော ပညာပေး ဇာတ်ကားဟုသိရသည်။

မေး။   ”ဟစ်တိုင်”ဇာတ်ကားက “ဒေါင်းနီ”ဆိုတဲ့ ကာရိုက်တာအပေါ် အူဝဲရဲ့ ခံစားစီးမျောမှုကို ပြောပြပေးပါ။

ဖြေ။    ဒေါင်းနီကာရိုက်တာကို အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒေါင်းနီဖြစ်အောင် စိတ်တွေရော၊ ပုံပန်းသဏ္ဌာန်တွေကိုရော အကုန်လုံးတူအောင် ကြိုးစားထားပါတယ်။ ဒီဇာတ်လမ်းလေးကို အဓိက ရိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာမသျှင်မရဲ့ဝတ္ထုလေးမှာ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ပညာပေးအကြောင်းလေး ကြည့်ရှုသူပရိသတ်တွေကို ရစေချင်တာကြောင့် ရိုက်ဖြစ်တာပါ။ ဒီရပ်ရွာတွေ၊ နယ်တွေမှာရှိတဲ့ သမီးမိန်းကလေးတွေရဲ့ အမေတွေကိုလည်း ဒီအကြောင်းလေးတွေကို သိစေချင်ပါတယ်။ ဒီဇာတ်ကားလေးကို မေ ၁၆ ရက်မှာ ရုံတင်ပါမယ်။ လာအားပေးကြပါလို့ ပရိသတ်တွေကို ပြောချင်ပါတယ်။

မေး ။  ဒီကားအတွက် အူဝဲရဲ့ ကြိုးစားမှုပိုင်းတွေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။    စိတ်လည်း အလွန်ပင်ပန်းတယ်။ လူလည်း အလွန်ပင်ပန်းပါတယ်။ ရိုက်ကွင်းမှာဆိုရင်လည်း အူဝဲတို့ တည်းတဲ့နေရာကနေ ရိုက်ကွင်းနေရာကို ကား တစ်နာရီကျော်လောက် မောင်းသွားရပါတယ်။ စိတ်ပင်ပန်းတာကတော့ ဇာတ်ကား မရိုက်ခင် ဆရာမသျှင်မရဲ့ ဝတ္ထုကို စပြီးတော့ ဖတ်တဲ့အချိန်မှာကတည်းက စိတ်က ဒေါင်းနီဟာ သူ့သမီးလေးကြောင့် ခံစားရတဲ့ ခံစားချက်က ကိုယ့်ရင်ထဲမှာ အလွန်ကို ဆို့နင့်စေပါတယ်။ ကိုယ်ကလည်း ဒီကာရိုက်တာနေရာက ရိုက်ကူးတာဆိုတော့ ဒီလို Mood မျိုးကို နေ့တိုင်း စိတ်ထဲမှာထည့်ထားရတာကြောင့် နေ့တိုင်းပင်ပန်းပါတယ်။ ရိုက်ရင်းနဲ့လည်း ကိုယ်တိုင် ဖြစ်နေတဲ့အတိုင်းကို ရိုက်ရပါတယ်။

မေး။ ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေရှိရင် ပြောပြပေးပါဦး။

ဖြေ။ကိုယ့်သမီးလေးကို ဒီလိုလုပ်တဲ့သူကို သတ်ပြီးတော့ အလောင်းကို ဆွဲလာတဲ့အချိန်၊ မုန်းတီးစိတ်တွေနဲ့ အော်လိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ဒါရိုက်တာက ကတ်ဆိုပြီးတော့ အော်တယ်။ အဲဒီအချိန်မှာ စိတ်က ချက်ချင်းရပ်လို့မရဘဲ မောပြီး၊ ခြေတွေလက်တွေတုန်ပြီး အကြောတွေပါ ကပ်သွားပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုအကုန်လုံးက ဝိုင်းပြီးတော့ ပြန်ပြုစုပေးရတယ်။ အဓိက ကတော့ စိတ်ကရောက်သွားပြီး အဲဒီလိုဖြစ်သွားတယ်လို့ပဲ ထင်ပါတယ်။ ရိုက်ကွင်း စပြီဆိုရင်လည်း အဲဒီမှာရှိတဲ့ ဒေသခံရွာတွေက ရွာသူရွာသားတွေကလည်း တော်တော်လေးကို လာအားပေးကြပါတယ်။ လူတွေအလွန်များပြီး တချို့အချိန်တွေမှာ အသံတွေပါနေတဲ့အတွက် ရှုတင်ဖျက်လိုက်ရတဲ့ နေ့တွေလည်း ရှိပါတယ်။ အဲဒီလို ပရိသတ်တွေ အားပေးကြတာကိုပဲ အူဝဲက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ရိုက်ရတာ အခက်အခဲရှိတယ် ဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာ ဪ ကိုယ်တွေကို ချစ်လို့ အားပေးကြတာပဲဆိုတာကြောင့် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။

ဒီဇာတ်ကားမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ ပညာပေးအပိုင်းတွေအပြင် မမေသန်းနုတို့ဘက်ကလည်း မိသားစုဇာတ်လေးတစ်ခု၊ မိသားစုပြဿနာ အကြောင်းအရာလေးတစ်ခုလည်း ပါဝင်ပါတယ်။ အဲဒီလို ပြဿနာလေးတွေရှိတဲ့ မိသားစုမှာ မမေသန်းနုနဲ့အတူ မျက်နှာသစ် သရုပ်ဆောင်လေးတွေကလည်းပါဝင်ပြီး သူတို့လည်း ကြိုးစားသရုပ်ဆောင် ထားပါတယ်။ သူတို့ကိုလည်း ကြိုဆိုအားပေးကြပါ။ အူဝဲတို့လည်း အသစ်ကနေပဲ စခဲ့ရတာပါ။ အဲဒါကြောင့် အသစ်လေးတွေကိုလည်း နေရာပေးကြိုဆိုကြပါလို့ ပြောချင်ပါတယ်။

မြန်မာ့အလင်း