အိန္ဒိယ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှုကြောင့် လူ ငါးဦးသေဆုံး

မွန်ဘိုင်း ၂၁ ဇန်နဝါရီ

အိန္ဒိယနိုင်ငံ အနောက်ဘက် မဟာရာ့ရှ်ထရာပြည်နယ်၊ ပူနေးမြို့နယ်၊ မန်ဂျရီကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Serum Institute of India(SII) ရှိ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုတွင် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ပြီးနောက် အလုပ်သမားငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသည် Oxford တက္ကသိုလ်နှင့်  ဗြိတိန်-ဆွီဒင်ဆေးဝါးကုမ္ပဏီဖြစ်သည့် AstraZeneca ကုမ္ပဏီမှ တီထွင်ထုတ်လုပ်သော Covishield ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်လျက်ရှိသည့် စက်ရုံနှင့် ကပ်လျက်တည်ရှိကြောင်း သိရသည်။

မီးလောင်မှုမှာ လူတချို့အသက်ဆုံးရှုံးခဲ့တဲ့သတင်းတွေ ကြားရမှုအပေါ် အလွန်ပင်ဝမ်းနည်းကြေကွဲမိပါတယ်။ သေဆုံးသူမိသားစုနဲ့ ထပ်တူဝမ်းနည်းမိပါတယ်ဟု SII ဆေးဝါးကုမ္ပဏီ စီအီးအိုနှင့် ပိုင်ရှင်ဖြစ်သူ အန်ဒါပူးန ဝါလာက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်ယာဉ် ၁၀ စီးနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့ကို အခင်းဖြစ် ပွားသည့်နေရာသို့ ချက်ချင်းစေလွှတ်ပြီး မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်မှုကြောင့် ဖြစ်ပွားဖွယ်ရှိပြီး မီးလောင်မှုမှ လူခြောက်ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း မဟာရာ့ရှ်ထရာပြည်နယ်ဝန်ကြီးချုပ် အုဒါ့ဖ်သာ့ခ်ရေးက ပြောကြားပြီး မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အသေးစိတ်လုပ်ဆောင်ရန် တာဝန်ရှိသူများအား ညွှန်ကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် SII ကုမ္ပဏီတာဝန်ရှိသူများက ဆေးဝါးကုမ္ပဏီအဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ သော်လည်း ယင်းမီးလောင်မှုကြောင့် Covishield ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှုကို ထိခိုက်မည် မဟုတ်ကြောင်း အခိုင်အမာပြောကြားသည်။

ကိုးကား - ဆင်ဟွာ Photo - PIT

ဘာသာပြန် - ဂျေတီ