အိန္ဒိယ ရေတပ်က ရေငုပ်သင်္ဘာသစ်တစ်စင်း ထုတ်ဖော်ပြသ

နယူးဒေလီ ၃၀ စက်တင်ဘာ

တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာလှုပ်ရှားမှုများ ပိုမိုချဲ့ထွင်လာမှုအပေါ် စိန်ခေါ်သည့်အနေဖြင့် အန္ဒိယရေတပ်သည် ၎င်း၏ ဒုတိယမြောက် ပြည်တွင်းလုပ် ရေငုပ်သင်္ဘာသစ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

 

အိန္ဒိယ နိုင်ငံအနောက်ပိုင်းမွမ်ဘိုင်းမြို့ ၌ စက်တင်ဘာ ၂၈ ရက်က ကျင်းပ သည့် လုပ်ငန်းအပ်နှံပွဲအခမ်းအနားသို့ သတင်းမီဒီယာများအား ဖိတ်ခေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် စစ်ရေးဆိုင်ရာ ကိစ္စရပ် များ၌ သိုသိပ်မှုရှိသည်ဖြစ်ရာယခုကဲ့သို့ ရေငုပ်သင်္ဘောအား ထုတ်ဖော်ပြသခြင်း မှာ ကြုံတောင့်ကြုံခဲကိစ္စဖြစ်ကြောင်း သိရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနတ်ဆင်းက အိန္ဒိယ နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာအတွင်း၌ တည်ငြိမ် အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီး လာမည့် မည်သည့်အပြုအမူမျိုးကိုမဆို သေချာပေါက် ကိုင်တွယ်ဖြေရှင်းရန် အသင့်ပြင်ဆင်ထားကြောင်း ရေငုပ် သင်္ဘောအမှုထမ်းများသို့ ပြောကြားခဲ့ သည်။ ရေငုပ်သင်္ဘောသည် ၆၇ ဒသမ ၅ မီတာ ရှည်လျားပြီး ဒီဇယ်အင်ဂျင်ဖြင့် ခုတ်မောင်းခြင်းဖြစ်ကာ ရှာဖွေရေးနှင့် တိုက်ခိုက်ရေးတို့တွင် စွမ်းဆောင်ရည် မြှင့်တင်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက လာမည့်အနာဂတ် တွင် နောက်ထပ် ရေငုပ်သင်္ဘောလေးစင်း ကို ထပ်မံဖော်ထုတ်ပြသသွားရန် စီစဉ် ထားကြောင်း အိန္ဒိယရေတပ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မကြာသေးမီအချိန်က သီရိလင်္ကာ ဆိပ်ကမ်း၌ ရေငုပ်သင်္ဘော ဆိုက်ကပ် ခြင်းအပါအဝင် အခြားသော ရေကြောင်း လှုပ်ရှားမှုများမှတစ်ဆင့် အိန္ဒိယ သမုဒ္ဒရာ အတွင်း စစ်ရေးအရ တည်ရှိမှုကို မြှင့်တင် ခဲ့ရာ အိန္ဒိယက တုံ့ပြန်သည့်အနေဖြင့် ပြည်တွင်းလုပ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ဟန်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ