အိန္ဒိယအရှေ့ပိုင်း၌ မိုးကြိုးမုန်တိုင်းကြောင့် လူ ၃၉ ဦး သေဆုံး

၁၈ စက်တင်ဘာ


အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ပြီးခဲ့သည့်  ၂၄ နာရီအတွင်း မိုးကြိုးမုန်တိုင်း ပစ်မှုကြောင့် ကလေးငယ်များ အပါအဝင် လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများက ယနေ့ ဖော်ပြသည်။


မိုးကြိုးမုန်တိုင်းပစ်မှုကြောင့် ကိုင်မူခရိုင်၌ လူလေးဦး၊ ဂါယာ၌ လေးဦး၊ ကာတီဟာ၌ တစ်ဦး၊ မိုတီဟာရီ၌ သုံးဦး၊ အေရာ၌ တစ်ဦးနှင့် ဂျာဟာနာဘတ်နှင့် အာဝယ်လ်ခရိုင်များ၌ နှစ်ဦးစီ စုစုပေါင်း ၃၉  ဦး သေဆုံးခဲ့ကြောင်း Zee News ၏ သတင်းဖော်ပြချက်အရ သိရသည်။ ဘီဟာပြည်နယ်အတွင်း နေရာအနှံ့အပြား၌ ပြီးခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ 


ဗဟိုရေအရင်းအမြစ်ကော်မရှင် (CWC) က ဂင်္ဂါမြစ်ကြောင်းတစ် လျောက်ရှိ ဘူဇာမှ ဘာဂါပူထိ ဘီဟာပြည်နယ်အတွင်းရှိ ခရိုင်အားလုံးအတွက် ရေကြီးမှု သတိပေးချက်တစ်ရပ် ယနေ့ ထုတ်ပြန်ခဲ့သည်။ ဘီဟာပြည်နယ်၏မြို့တော် ပတ္တနားမြို့၌ ဂင်္ဂါမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ၅၅ စင်တီမီတာအထိ ရောက်ရှိခဲ့သည်။


ပတ္တနားမြို့တော်မှာ ငါးနာရီကြာသည့်တိုင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြုံတွေ့ခဲ့ရသောကြောင့် အဒါ လတ်ဂန့်၊ ကန်ကာဘတ်ဂျ်၊ သီရိခရက်ရှ်နားပူရီ၊ ပါတာလီပူထရာနှင့် ရာဂျန်ဒရာနာဂါ ကဲ့သို့သော ဒေသအများစု၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

1