အိန္ဒိယစစ်လေယာဉ်တစ်စင်းပျက်ကျသဖြင့် လေယာဉ်မှူးနှစ်ဦးသေဆုံး

ဇူလိုင် ၂၉

 

အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျတ်စတန်ပြည်နယ်တွင် အိန္ဒိယလေတပ်( အိုင်အေအက်ဖ် )မှ MiG-21 ဂျက်လေယာဉ်တစ်စင်းသည် လေ့ကျင့်ရေးပြုလုပ်နေစဉ်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါ လေ့ကျင့်ရေးပြုလုပ်နေသည့် လေယာဉ်သည် ရာဂျတ်စတန်ပြည်နယ်၏မြို့တော် ဂျေပါ၏အနောက်ဘက် ကီလိုမီတာ ၅၃၂ အကွာခန့်ရှိ ဘာမာခရိုင်တွင် ယမန်နေ့နှောင်းပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

လေယာဉ်မှူးနှစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အတွက် အိုင်အေအက်ဖ်မှ အလွန်အမင်းဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

 

ထိုလေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် တရားရုံးကအမိန့်ချမှတ်ပြီးဖြစ်ကြောင်း အိုင်အေအက်ဖ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို