အိန္ဒိယက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် နှစ်သစ်ကူးကာလအတွင်း အထင်ကရနေရာများ၌ ညမထွက်ရအမိန့် ထုတ်ပြန်မည်

နယူးဒေလီ ဒီဇင်ဘာ ၃၁


အိန္ဒိယအာဏာပိုင်များသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေစဉ် နှစ်သစ်ကူးပွဲတော်များ ကို အကြောင်းပြု၍ နိုင်ငံတစ်ဝန်းရှိ အထင်ကရနေရာများတွင် ညမထွက်ရအမိန့် ပြဌာန်းမည်ဖြစ်ကြောင်း နိုင်ငံပိုင်အသံလွှင့်ဌာနဖြစ်သည့် အောလ်အိန္ဒိယရေဒီယိုက ယနေ့ကြေညာသည်။


အာဏာပိုင်များသည် လူစုလူဝေး၊ ဝတ်ပြုစုဝေးခြင်းနှင့် နှစ်သစ်ကူးပွဲတော်များအား ထိန်းသိမ်းရန်အတွက် မြို့တော်နယူးဒေလီတွင် ညမထွက်ရအမိန့် ချမှတ်မည်ဖြစ်သည်။


အဆိုပါ ညမထွက်ရအမိန့်အရ အများပြည်သူနေရာများတွင် လူငါးဦးနှင့် အထက်စုဝေးမှုနှင့် နှစ်သစ်ကူးနှင့် ပတ်သက်သည့် ပွဲတော်များနှင့် ဝတ်ပြုဆုတောင်းပွဲများကို သောကြာနေ့ည ၁၁ နာရီမှ စ၍ စနေနေ့ဒေသ စံတော်ချိန်နံနက် ၆ နာရီအထိ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။


အိန္ဒိယနိုင်ငံအတွင်း မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ခြိမ်းခြောက်မှုနှင့် ရောဂါသစ်ကူးစက်ခံရသူ ၂၅ ဦး ရှိလာခြင်းကို အကြောင်းပြု၍  အစိုးရအနေဖြင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အသံလွှင့်ဌာနက ကြေညာသည်။


သို့သော် ညမထွက်ရအမိန့်ကာလအတွင်း ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား ပြည်သူများအပြန်အလှန် ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကိုမူ ကန့်သတ်ထားမည် မဟုတ်ကြောင်း သိရသည်။


ထို့အတူ ကာနာတာကာ၊ ရာဂျာ့စ်သန်နှင့် မဟာရာ့ရှ်ထရာပြည်နယ်များတွင်လည်း နှစ်သစ်ကူးကာလ လူစုလူဝေး တားဆီးကာကွယ်ရန် အသွားအလာ ကန့်သတ်ချက်များ ချမှတ်ထားကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ Photo-ANI
ဘာသာပြန် - ဂျေတီ