အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၈၄ ဦးထပ်မံ တွေ့ရှိ

နယူးဒေလီ ဇွန် ၁၀

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၈၄ ဦး ထပ်မံတွေ့ရှိခဲ့ခြင်း ကြောင့် လက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၄၃၂၀၅၁၀၆ ဦးရှိလာကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

အလားတူ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၂၄ ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၇၄၇ ဦးရှိလာကြောင်း သိရသည်။

 

သို့ဖြစ်ရာ အိန္ဒိယအာဏာပိုင်များက လေကြောင်းခရီးသည်များကို ၎င်းတို့၏ ခရီးစဉ်တစ်လျှောက်လုံး နှာခေါင်း စည်းများ ဝတ်ဆင်ရန် ညွှန်ကြားထားသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရ အားလုံးကို ရောဂါစောင့်ကြည့်ကြပ်မတ်မှုနှင့် ကြိုတင်ကာကွယ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသနေသောလူနာ ၃၇၆၉ ဦး ထပ်တိုးလာခြင်းနှင့် အတူ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြင့် ဆေးဝါးကုသမှု ခံယူနေသောလူနာပေါင်း ၃၆၂၆၇ ဦးရှိကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၃၇၉၁ ဦး ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ရာ လက်ရှိအချိန်အထိ ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံများမှ အောင်မြင်စွာ ပြန်ဆင်းသူပေါင်း ၄၂၆၄၄၀၉၂ ဦး ရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ