အိန္ဒိယ၌ ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၂၀ ရှိလာ

နယူးဒေလီ ၊ ၃၀ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ၁၂ နာရီအတွင်း မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူပေါင်း ၂၀ ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက် (ယနေ့) အတည်ပြုပြောကြားခဲ့သည်။

 

ဒီဇင်ဘာ ၂၉ ရက်က နိုင်ငံ၏ တောင်ဘက် ကာနာတာကာပြည်နယ်မြို့တော် ဘင်ဂါလူရူမြို့တွင် စမ်းသပ်တွေ့ရှိသော လူနာသုံးဦး၊ နိုင်ငံ၏ တောင်ဘက် တယ်လန်ဂါနာပြည်နယ်၏ မြို့တော်ဟိုက်ဒရာဘတ်မြို့တွင် တွေ့ရှိသောလူနာနှစ်ဦးနှင့် နိုင်ငံ၏ အနောက်ဘက် မဟာရာ့ရှ်ထရာပြည်နယ် ပွန်းမြို့တွင် တွေ့ရှိသော လူနာတစ်ဦးတို့အပါဝင် ဗြိတိန်မှ လာသောခရီးသည် ၂၀ တွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

အိန္ဒိယဗဟိုအစိုးရသည် နိုင်ငံအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားခဲ့ပြီးနောက် ကိုလ်ကတား၊ ဘူဘာနက်စ်ဝါ၊ ပွန်း၊ ဟိုက်ဒရာဘတ်၊ ဘင်ဂါလူရူနှင့် ဒေလီအပါအဝင် အမျိုးမျိုးသောမြို့ကြီးများတွင် ဓာတ်ခွဲခန်း ၁၀ ခုနှင့်တူ ရောဂါသစ် စောင့်ကြည့်ရေးဆိုင်ရာ ယာယီအဖွဲ့အစည်းတစ်ခုစီ ဖွဲ့စည်းထားပြီး ရောဂါသစ် အခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိသည်။

 

ဗြိတိန်မှ လာသောခရီးသည်များတွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခဲ့ပြီးနောက် အိန္ဒိယ ဗဟိုအစိုးရအနေဖြင့် ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ပြည်နယ်တာဝန်ရှိသူများအား ရောဂါစောင့်ကြည့်မှု၊ ထိန်းချုပ်မှု၊ စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ကြရန် အကြံပြုထားသလို ရောဂါစမ်းသပ်ထားသည့်နမူနာများကိုလည်း အမျိုးသားဓာတ်ခွဲခန်းများသို့ ပို့ဆောင်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

 

ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သည့် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်သည် ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားစေခဲ့သလို ခရီးသွားလာမှု ကန့်သတ်ချက်များကိုလည်း ဖြစ်ပွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယအစိုးရက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုထိန်းချုပ်ရန် ဗြိတိန်မှ လာသောလေကြောင်းလိုင်းများအပေါ် ချမှတ်ထားသည့် တားမြစ်ပိတ်ပင်မှုကို ဒီဇင်ဘာ ၃၁ ရက်မှစ၍ သီတင်းပတ် တစ်ပတ်ထက်မနည်း သက်တမ်းထပ်တိုးလိုက်သည်။

 

ကိုးကား - ဆင်ဟွာ    

 ဘာသာပြန် - ဂျေတီ