ဇန်နဝါရီ ၂၀

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်တွင် ယမန်နေ့က လှေတိမ်းမှောက်မှုဖြစ်ပွားသဖြင့် သုံးဦးထက်မနည်းသေဆုံးပြီး အခြားလေးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အဆိုပါလှေသည် ပတ္တနာမြို့၏အရှေ့ဘက် ၃၂၅ ကီလိုမီတာအကွာ ကာတီဟာခရိုင် မာနီဟာရီဒေသ ဂင်္ဂါမြစ်အတွင်းတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ထိုလှေတိမ်းမှောက်မှုတွင် တချို့သောသူများသည် ကူးခတ်လွတ်မြောက်ခဲ့သည်ဟု တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

ယင်းလှေပေါ်တွင် ၁၇ ဦး တင်ဆောင်လာကြောင်းနှင့် သုံးဦးသေဆုံး၊ လေးဦးပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လှေတိမ်းမှောက်မှုတွင်ပါဝင်သူများသည် မနက်ခင်းပိုင်းတွင် ၎င်းတို့၏လယ်မြေများသို့သွားရန် လှေပေါ်လိုက်ပါလာသော ဒေသခံလယ်သမားများဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသူများကိုရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် အထူးသဖြင့် ကျေးလက်ဒေသများရှိလူများသည် ရိုးရာလှေများအသုံးပြုကြသဖြင့် လှေတိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို