အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် လူ ၂၂ ဦး သေဆုံး

နယူးဒေလီ ဇွန် ၂၉

 

အိန္ဒိယနိုင်ငံ အရှေ့ဘက် ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် ဇွန် ၂၈ ရက်က လူ ၂၂ ဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် အောလ်အိန္ဒိယရေဒီယိုက ယနေ့ကြေညာသည်။  

 

မိုးကြိုးပစ်မှုတွဲပါလာသည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသက်မုန်တိုင်းများက လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘီဟာပြည်နယ်ကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုမှာ လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသော တောင်သူလယ်သမားများဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ဒေသဆိုင်ရာ မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ လာမည့် ၂၄ နာရီအတွင်း ဘီလာပြည်နယ်ရှိ ဒေသအစိတ်အပိုင်းတွင် မိုးကြီးနိုင်ပြီး မိုးကြိုးပစ်မှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဘီဟာပြည်နယ်ဝန်ကြီးချုပ် နာတစ်ကူမာက မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားသည့် မိသားစုများအာ ငွေကြေးအကူအညီ ပံ့ပိုးပေးမည်ဟု ကြေညာလိုက်သည်။

 

“သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို နစ်နာကြေးရူပီးငွေ ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၇၀)ပေး မယ်လို့ဝန်ကြီးချုပ်က ကြေညာထားပါတယ်” ဟု ဒေသဆိုင်ရာ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ကူမာက ဆိုးရွားသော ရာသီဥတုအခြေအနေတွင် သတိပြုနေထိုင်ရန်နှင့် သဘာဝဘေးစီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်ထားသည့်အကြံပြုချက်များကို လိုက်နာကြရန် ဒေသခံများအား တိုက်တွန်းလိုက်သည်။ အလားတူ ပြီးခဲ့သည့်သီတင်းပတ်က ဘီဟာပြည်နယ်တစ်ဝန်းတွင် မိုးကြိုးပစ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ