အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် လူ ၂၆ ဦး သေဆုံး

နယူးဒေလီ ဇူလိုင် ၂၇

 

အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် လူ ၂၆ ဦး ထက်မနည်းသေဆုံးပြီး ကျန်ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနဖြစ်သည့် အောလ်အိန္ဒိယရေဒီယိုက ယနေ့ကြေညာသည်။ 

 

ဇူလိုင် ၂၆ ရက်က မိုးကြိုးပစ်မှုများနှင့် တွဲပါလာသည့်မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသက်မုန်တိုင်းများက ဘီဟာပြည်နယ်ရှိခရိုင်ရှစ်ခုကို ထိခိုက်ခဲ့ပြီးနောက် လူ ၂၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယင်းသေဆုံးသူများအနက် အများစုမှာ မိုးကြိုးပစ်မှုဖြစ်ပွားစဉ် လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသောတောင်သူလယ်သမားများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အောလ်အိန္ဒိယရေဒီယိုအသံလွှင့်ဌာန၏ ဖော်ပြချက်အရ အဆိုပါဖြစ်စဉ်များကြောင့် ဘီဟာပြည်နယ် ကိုင်မူးရ် ခရိုင်တွင် လူကိုးဦးသေဆုံးပြီး ဘဟိုဂျပူရ်၊ ပတ္တနာ၊ ဂျီဟာနဘတ်၊ ရိုတာ့ရှ်၊ အော်ရန်ဂဘတ်၊ အာဝါလ်နှင့် ဆီဝန် ခရိုင်များတွင် လူ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဒေသဆိုင်ရာမိုးလေဝသဌာန၏ ခန့်မှန်းချက်အရ ဘီဟာပြည်နယ်တွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန် စွာရွာသွန်းနိုင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဘီဟာပြည်နယ်ဝန်ကြီးချုပ် နီတီးစ်ကူမာက အဆိုပါ ဖြစ်စဉ်များကြောင့် သေဆုံးမှုများနှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ဖော်ပြောကြားပြီး သေဆုံးသူများ၏ ဆွေမျိုးသားချင်းများကို စေတနာအလျောက် အိန္ဒိယရူပီးငွေ ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၀၇) ပံ့ပိုးပေးမည်ဟု ကြေညာလိုက်သည်။

 

ထို့အပြင် ဝန်ကြီးချုပ်က ဆိုးရွားသောရာသီဥတုအခြေအနေတွင် သတိဝိရိယရှိကြရန်နှင့် သဘာဝဘေးစီမံခန့်ခွဲ ရေးဌာနမှ ထုတ်ပြန်သည့်အကြံပြုချက်များကို လိုက်နာကြရန် ဒေသခံပြည်သူများကိုလည်း  တိုက်တွန်းထားကြောင်း သိရသည်။

 

ပြီးခဲ့သည့်လက ဘီဟာပြည်နယ်တစ်ဝန်းလုံးတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၄၀ နီးပါးသေဆုံးခဲ့သည်။ အိန္ဒိယ နိုင်ငံတွင် မုတ်သုန်ရာသီစတင်ချိန်မှစ၍ မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူရာနှင့်ချီသေဆုံးလေ့ရှိကြောင်း သတင်းများအရ သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ