အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ မိုးလုံလေလုံ ဖျော်ဖြေရေးစင်တာတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွား၊ ၂၄ ဦး သေဆုံး

 

နယူးဒေလီ မေ ၂၇

 

ယမန်နေ့က အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မိုးလုံလေလုံ ဖျော်ဖြေရေးစင်တာတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် ၂၄ ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက   ဖော်ပြသည်။

 

မေ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရာဂျ် ကော့တ်မြို့ရှိ မိုးလုံလေလုံ ဖျော်ဖြေရေး စင်တာတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ဂိမ်းစက်များနှင့် အခြားသောဖျော်ဖြေရေးပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ မီးလောင်ကျွမ်းသည့်နေရာမှ မီးခိုးများအူထွက်နေသည့် ဗီဒီယိုဖိုင်ကို မှတ်တမ်းတင်ဗီဒီယိုများတွင် တွေ့မြင်နိုင်သည်။ ကယ်ဆယ်ရေးလုပ်သားများက အခင်းဖြစ်ရာနေရာရှိ အပျက်အစီးများကို ရှင်းလင်း ဖယ်ရှားပြီး  ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝန်ကြီးချုပ် မိုဒီသည် အဆိုပါမီးလောင်ကျွမ်းမှုတွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။  ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများသည် ထိခိုက်နစ်နာသူများအတွက် အကူအညီများပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြား သည်။ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများသည် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကြိုးပမ်းလျက်ရှိသည်။ မီးလောင်ရသည့် အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ဂူဂျာရတ် ပြည်နယ်အတွင်းရှိ ဂိမ်းဆိုင်များနှင့် ဖျော်ဖြေရေးစင်တာများတွင် မီးဘေးလုံခြုံရေးအစီအမံများ ထားရှိခြင်း ရှိ၊ မရှိကို တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီးသည့်တိုင် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း ဂူဂျာရတ်အစိုးရက အမိန့်ပေးထားကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်