ဇူလိုင် ၈
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ ယမန်နေ့ကလူနှစ်ဦးထက်မနည်းသေဆုံး၊ ခုနစ်ဦးပျောက်ဆုံးလျက်ရှိပြီး ဒဏ်ရာရရှိသူ ခုနစ်ဦးကို ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါမြေပြိုမှုသည် ဝါယာနဒ်ခရိုင် ကယ်လ်ဒီရှိ မီးနက်ရှီတံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုသည် မလာပူရမ်နှင့် ဝါယာနဒ်ခရိုင်များကို ဆက်သွယ်ပေးသည့် အာနက်ကွမ်ပိုအီလ်-မက်ပါဒီ ဥမင်လိုဏ်ခေါင်းလမ်း စီမံကိန်းနေရာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးရေချိန် ၂၆၅ မီလီမီတာ ရွာသွန်းခဲ့ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု ယူဆကြောင်း အာဏာပိုင်များက ပြောကြားသည်။
အိန္ဒိယမိုးလေဝသဌာနသည် ကီရာလာပြည်နယ်ရှိ ဝါယာနဒ်ခရိုင်အတွက် ယမန်နေ့က အနီရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး မာနန်သာဝဒီနှင့် ဗီသီရီတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု စံချိန်တင်ခဲ့သည်။
အိမ်နီးချင်း ကိုဇီကိုဒီခရိုင်တွင်လည်း အနီရောင်သတိပေးချက်နှင့် မာလာပူရမ်၊ ကန်နူးနှင့် ကာဆာရာဂေါ့ဒ်တို့ကို လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ထားသည်ဟု သိရသည်။
မိုးလေဝသဌာနက ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှု ၂၀၄ မီလီမီတာထက်ကျော်လွန်ပါက အနီရောင်သတိပေးချက်၊ မိုးရေချိန် ၁၁၅ မီလီမီတာမှ ၂၀၄ မီလီမီတာအကြားရှိပါက လိမ္မော်ရောင်သတိပေးချက်ဟု သတ်မှတ်ထားသည်။
ဝါယာနဒ်တွင် အထူးသဖြင့် မုတ်သုံရာသီအတွင်း မြေပြိုမှုများဖြစ်ပွားလေ့ရှိရာ ၂၀၂၄ ခုနှစ်က မြေပြိုမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၂၉၈ ဦးသေဆုံးခဲ့သည်ဟု အစိုးရအဖွဲ့၏အချက်အလက်ဖော်ပြချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


