အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ကျောက်မိုင်းပြိုကျမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံး

နယူးဒေလီ၊ မေ ၂၉

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် မေ ၂၈ ရက်က ကျောက်မိုင်းပြိုကျမှုတစ်ခု ဖြစ်ပွား ခဲ့ရာ လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး အကျိုးအပဲ့များအောက်တွင် အများအပြားပိတ်မိနေကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားသည်။

တနင်္ဂနွေနေ့ညက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတလျှောက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့်ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် မီဇိုရမ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်း ကာ ကျောက်မိုင်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါ ကျောက်မိုင်းပြိုကျမှုသည် မေ ၂၈ ရက် နံနက်ပိုင်းက မီဇိုရမ်ပြည်နယ်၏ မြို့တော်အိုက်ဇောလ်မြို့တောင်ဘက် မယ်လ်ထုမ်နှင့် လှီမဲန်ရပ်ကွက်အကြား ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များသည် အလောင်းများနှင့် အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရန် ကူညီကယ်ဆယ် ရေးအဖွဲ့များကို အခင်းဖြစ်သည့်နေရာသို့ ချက်ချင်းစေလွှတ်လိုက်သည်။

သေဆုံးသူများတွင် လေးနှစ်အရွယ်ယောက်ျားလေးတစ်ဦးနှင့် ခြောက်နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ ပါဝင်ပြီး  လူနှစ်ဦးကိုလည်း အခင်းဖြစ်သည့်နေရာမှ အသက်ရှင်လျက် ကယ်ထုတ်ခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် မြေပြိုမှုများအကြား ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဏာပိုင်များက စာသင်ကျောင်းများအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ထားပြီး အစိုးရဝန်ထမ်းများကို နေအိမ်မှအလုပ်လုပ်ကြရန်  ညွှန်ကြားထားသည်။ သို့သော် မရှိမဖြစ် လိုအပ်သောဝန်ဆောင်မှုများ ပေးဆောင်ရာတွင် ပါဝင်သည့်ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို အစီရင်ခံတင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့အပြင် မြေပြိုမှုများကြောင့် အိုက်ဇောလ်မြို့ရှိ အဝေးပြေးလမ်းမကြီးများနှင့် အဓိကလမ်းအများ အပြားကို ပိတ်ဆို့ခဲ့သည်။ အိုက်ဇောလ်မြို့ စလဲမ်ရပ်ကွက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူသုံးဦး ပျောက်ဆုံးနေကြောင်း သတင်းများက ဆိုသည်။

တစ်ချိန်တည်းမှာပင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်လားလ်ဒူဟိုးမာက အခြေအနေကို ကိုင်တွယ်ဖြေရှင်း ရန် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပြီး ကျောက်မိုင်းပြိုကျမှုအပါအဝင် မိုးရွာသွန်းမှု ကြောင့် သေဆုံးသူ မိသားစုများအတွက် နစ်နာကြေးပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

အိန္ဒိယမိုးလေဝသဌာန (IMD) သည် လာမည့်နှစ်ရက်အတွင်း အရှေ့မြောက်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတ