အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၌ အဆောက်အအုံမီးလောင်ကျွမ်းသဖြင့် လူ ၂၇ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

မေ ၁၆

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် စီးပွားရေးလုပ်ငန်းများရုံးစိုက်ရာ သုံးထပ်အဆောက်အအုံတွင် မီးအများအပြား လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် လူ ၂၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့အကြီးတန်းအရာရှိ ဆာမီအာရှာမာက စနေနေ့ကပြောကြားသည်။

 

ထိုမြို့ရှိ မြေအောက်ရထားဘူတာရုံ မန်ဒကာအနီးရှိ အဆောက်အအုံတစ်လုံးတွင် သောကြာနေ့ညနေ ၄ နာရီ မိနစ် ၄၀ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

စီစီတီဗွီကင်မရာနှင့် router ထုတ်လုပ်သည့် ကုမ္ပဏီရုံးခန်းရှိရာအဆောက်အအုံ၏ ပထမထပ်မှမီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းဖော်ပြထားသည်။

 

တာဝန်ရှိသူများက မီးငြှိမ်းသတ်မှုနှင့်ကယ်ဆယ်ရေးလုပ်ဆောင်မှုများကို စနေနေ့မနက်ပိုင်းအထိ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။ ရဲတပ်ဖွဲ့က ထိုမီးလောင်မှုကြောင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ပြန်ခြင်းမရှိသေးပဲ ဒဏ်ရာရရှိသူများကို ဆန်ဂျေဂန်ဒီမီမိုရယ်ဆေးရုံတွင် ကုသပေးနေသည်ဟု သိရသည်။

 

မီးသတ်သမားများသည် ထိုအဆောက်အအုံ၏ ထိပ်ဆုံးထပ်သို့ရောက်ရှိရန် ကရိန်းကြီးများကို အသုံးပြုခဲ့ပြီး ယင်းအဆောက်အုံတစ်ခုလုံး မီးခိုးလုံးများပတ်ပတ်လည်ရှိနေချိန်တွင် မီးသတ်ကား ၂၇ စီးအား မီးငြှိမ်းသတ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ထိုမီးလောင်မှုအတွင်း သေဆုံးများနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်းပြောကြားခဲ့သည်။

 

မိုဒီက ဒေလီမြို့တော်တွင် မီးလောင်ကျွမ်းမှုကြောင့် အသက်များဆုံးရှုံးသွားသဖြင့် ဝမ်းနည်းပါကြောင်း၊ သေဆုံးသူများ၏မိသားဝင်စုများနှင့် ထပ်တူခံစားရပါကြောင်းနှင့် ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေဟု ဆုတောင်းပါကြောင်း လူမှုမီဒီယာတွင် ရေးသားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို