အိန္ဒိယနိုင်ငံ ရထားဘူတာရုံ၌ ရေသိုလှောင်ကန်ပြိုကျမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး

ဒီဇင်ဘာ ၁၄

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ လူစည်ကားရာရထားဘူတာရုံတစ်ခုတွင် ယမန်နေ့က ရေသိုလှောင်ကန်( ရေတိုင်ကီ)တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အခြားလူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါရေသိုလှောင်ကန်သည် အနောက်ဘန်ဂေါပြည်နယ်၏မြို့တော် ကိုလ်ကာတာ၏အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၄ ခန့်အကွာ ဘတ်ဝန်ရထားဘူတာရုံတွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုရေသိုလှောင်ကန်ပြိုကျမှုကြောင့် ၂၇ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယင်းမတော်တဆမှုဖြစ်ပွားပြီးနောက် ဒေသတွင်းနှင့်ရထားလမ်းတာဝန်ရှိသူများက ဒဏ်ရာရရှိသူများအား ကူညီဆောင်ရွက်ရန် ရေတိုင်ကီပြိုကျမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြသည်ဟု သိရသည်။

ရထားလမ်းတာဝန်ရှိသူများက ရေတိုင်ကီပြိုကျမှုနှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် အလုပ်သမားသုံးဦးကို အလုပ်မှယာယီရပ်ဆိုင်းထားရန် မှာကြားထားကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို