စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ အစိုးရကျောင်းဘော်ဒါဆောင်တွင် ကျောင်းသားများ ညစာစားပြီးနောက် ကျောင်းသား ၁၀၀ ကျော် နာမကျန်းဖြစ်ခဲ့ပြီး ၎င်းတို့ကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောသည်။
မက်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ မြို့တော်ဗိုပါလ်၏အရှေ့ဘက် ၃၁၃ ကီလိုမီတာခန့်အကွာ ဂျာဘယ်လ်ပါဒေသရှိ ဘော်ဒါဆောင်တစ်ခုတွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘော်ဒါဆောင်တွင် ကျောင်းသားများညစာစားသောက်ပြီးနောက် အော့အန်ခြင်းစတင်ဖြစ်ပွားကာ ဗိုက်နာဗိုက်အောင့်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ ခံစားခဲ့ရသဖြင့် စက်တင်ဘာ ၁၈ ရက်ညပိုင်းက ထိုကျောင်းသားများကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ထိုကျောင်းသားများသည် ဆေးရုံတွင် ကုသမှုဆက်လက်ခံယူလျက်ရှိသည်။ အစာအဆိပ်သင့်ကျောင်းသားများအားလုံး၏ အခြေအနေတည်ငြိမ်မှုရှိသော်လည်း စောင့်ကြည့်ကုသမှုအောက်တွင်ထားရှိနေဆဲဖြစ်သည်ဟု ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူက ဆိုသည်။
ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို