အိန္ဒိယနိုင်ငံအနောက်ဘက် ဖျော်ဖြေရေးဇုန်တစ်ခု၌ မီးလောင်မှုဖြစ်ပွား၊ ၂၄ ဦး သေဆုံး

နယူးဒေလီ၊ မေ ၂၆

အိန္ဒိယနိုင်ငံ အနောက်ဘက် ဂူဂျာရတ်ပြည်နယ် ရာ့ဂျ်ကော့သ်ခရိုင်ရှိ ဖျော်ဖြေရေးဇုန်တစ်ခု၌ မေ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးသူငယ် ကိုးဦးအပါအဝင် လူ ၂၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ မသိရသေးကြောင်း၊ မီးလောင်မှု ကြောင့် သေဆုံးသူအများစုမှာ မီးလောင်နေသော ယာယီအဆောက်အအုံတစ်ခု ၎င်းတို့အပေါ် ပြိုကျ ခဲ့ပြီးနောက် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်နာရိန္ဒရာမိုဒီက အဆိုပါမီးလောင်မှုဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍  ဝမ်းနည်းကြေကွဲမိကြောင်း၊ ယင်းမီးလောင်မှုသည် မိမိတို့အားလုံးကို စိတ်မကောင်းဖြစ်စေခဲ့ကြောင်း၊  ထိခိုက်နစ်နာခဲ့ရသူများအား တတ်နိုင်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင် လျက်ရှိသည်ဟု ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ် ဘူပင်ဒရာပါတယ်လ်က မိမိအား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း စသည်ဖြင့် ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

သေဆုံးသူတစ်ဦးချင်းစီ၏ မိသားစုများအတွက် အိန္ဒိယရူပီးငွေ ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၈၁၆ ခန့်)နှင့် ဒဏ်ရာရရှိသူတစ်ဦးချင်းစီအတွက် အိန္ဒိယရူပီးငွေ ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၂ ခန့်) နစ်နာကြေးပေးအပ်မည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ကြေညာခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ